ဆရာခို၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်
Presented by Border Echo
လူ့အဖွဲ့အစည်း၏ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့သောရှေးရိုးစွဲအစဉ်အလာများဟာ အမျိုးသားတစ်ဦးအတွက် တင်းကျပ်သော ဘောင်များကို သတ်မှတ်ပေးခဲ့ကြသည်။ ဤဘောင်ခတ်မှုများအနက် အထင်ရှားဆုံးနှင့် အပြင်းထန်ဆုံးမှာ အမျိုးသားများကို စိတ်ခံစားချက်ကင်းမဲ့သူများ၊ ခံစားချက်ကို ဖော်ထုတ်ခွင့်မရှိသူများအဖြစ် ပုံသွင်းထားခြင်းပင်ဖြစ်သည်။
ဖိနှိပ်ခံရခြင်း၏ အကျိုးဆက်အများစုထဲမှာ ကြားရတဲ့စကားက ယောက်ျားတန်မဲ့ စိတ်ကောက်နေတာလား/ အားနည်းလိုက်တာ စသည့်ဝေဖန်မှုများဟာ အမျိုးသားတစ်ဦး၏ ဝမ်းနည်းမှု၊ စိတ်ပျက်အားငယ်မှု၊ နာကျင်မှု /တောင်းဆိုမှုများကို အလွယ်တကူ တံဆိပ်ကပ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ ခံစားချက်ဖော်ထုတ်မှု့အား တားဆီးခံရခြင်းကြောင့် အမျိုးသားများသည် သူတို့၏ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများကို အပြုသဘောဖြင့် ဖြေရှင်းနိုင်ခြင်းမရှိဘဲ ရင်တွင်း၌သာ မြိုသိပ်ထားရသည်။
ရေရှည်တွင်ဤဖိနှိပ်မှုဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ (Stress)စိုးရိမ်သောကများ(Anxiety) နှင့် စိတ်ကျန်းမာရေးပြဿနာများ(Mental Health Issues)ကိုဖြစ်ပေါ်စေပြီး၊ အတွင်းစိတ်ခံစားမှုအရ အထီးကျန်ခြင်းကို ဦးတည်စေပါသည်။
ခံစားချက်များကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်သည် ကျား/မ ခွဲခြားမှုနှင့် မသက်ဆိုင်ဘဲ ကျန်းမာသော လူသားတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ကြောင်း အသိအမှတ်ပြုရန် အချိန်တန်နေပြီဖြစ်သည်။
လူမှုရေးအရ ဆက်ဆံရေး ပျက်ပြားခြင်း အဆိပ်အတောက် ဖြစ်စေသော ယောက်ျားပီသမှု (Toxic Masculinity) ၏ နောက်ထပ် အကျိုးဆက်တစ်ခုမှာ အမျိုးသားအချင်းချင်းအပေါ် ထားရှိသည့် ရိုးသားသော ချစ်ခင်မှုနှင့် နွေးထွေးသော ရင်းနှီးမှုကိုပင် သံသယဖြင့် ကြည့်မြင်ခြင်းပင်ဖြစ်သည်။
ခင်မင်သူ အမျိုးသားနှစ်ဦးသည် လူမြင်ကွင်းတွင် ပေါင်းဖက်သွားလာခြင်း၊ အချင်းချင်း ပံ့ပိုးမှုပေးခြင်း၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအရ အလွန်ရင်းနှီးမှုရှိခြင်းတို့ကို တွေ့မြင်ပါက “သူတို့ ဂေးပဲ” ဟူသော လိင်တူချစ်သူများအားကြောက်ရွံ့မုန်းတီးခြင်း (Homophobia)စသည့် အခြေခံအမြင်များဖြင့် တရားသေ သတ်မှတ်ခံရလေ့ရှိသည်။
ဤအမြင်သည် အမျိုးသားများအချင်းချင်းအပေါ် အမှန်တကယ် လိုအပ်သော စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ပေးခွင့်မရအောင် ပိတ်ဆို့ထား၏။ အမျိုးသားများသည် စစ်မှန်သော ခင်မင်ရင်းနှီးမှုကွန်ရက် လိုအပ်သော်လည်း၊ယင်းလူမှုရေး ဖိအားများကြောင့် သူတို့ဟာ အထီးကျန်ဘဝကို ရွေးချယ်လာကြရသည်။
အကာအကွယ်မဲ့သူ (Victim) အဖြစ် လက်ခံရန် ငြင်းဆန်ခြင်းဤတင်းကျပ်သော လူမှုဘောင်များသည် အမျိုးသားတစ်ဦးအား အကာအကွယ်မဲ့သူ (Victim) အဖြစ် လက်ခံရန်လည်း ငြင်းဆန်သည်။
အမျိုးသမီးများထံမှ နှုတ်အားဖြင့်၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရသော အမျိုးသားများသည် မိမိတို့ ခံစားရသော နစ်နာမှုကို ဖွင့်ဟရန် အခက်အခဲနှင့် ရင်ဆိုင်ရသည်။
လူ့အဖွဲ့အစည်းက အမျိုးသားဟူသည် အင်အားကြီးပြီး ခုခံနိုင်စွမ်းရှိသူများဟု ယူဆထားသောကြောင့်၊ အနိုင်ကျင့်ခံရကြောင်း ဖွင့်ပြောသည့်အခါ လူမှုရေးအရ လှောင်ပြောင်ခံရခြင်း၊ ရှက်ရွံ့စေခြင်း၊ “ယောက်ျားမပီသသူ” အဖြစ် စွပ်စွဲခံရခြင်း သို့မဟုတ် မိမိကိုယ်တိုင် အားနည်းသူဖြစ်သည်ဟု တရားသေ သတ်မှတ်ခံရခြင်းတို့နှင့် ရင်ဆိုင်ရလေ့ရှိ၏။
ထို့သို့ တရားသေ သတ်မှတ်ချက်များကြောင့် နစ်နာသူ အမျိုးသားများသည် သူတို့၏ နာကျင်မှုကိုမည်သူ့ကိုမျှမဖွင့်ဟတော့ပဲ တိတ်ဆိတ်စွာ မြိုသိပ်နေရကာ ဥပဒေရေးရာ အကာအကွယ်နှင့်စိတ်ကျန်းမာရေးစောင့်ရှောက်မှုများကိုရရှိရန်ခက်ခဲသောအခြေအနေနှင့်ရင်ဆိုင်နေရသည်။နောက်ဇာတ်တွဲအကျိုးဆက်အနေနဲ့ မိသားစုပြိုကွဲခြင်းများကိုသာပင် ဖြစ်ပေါ်စေ၏။
ဤအက်ဆေးသည် Border Echo မှ ကျင်းပပြုလုပ်ခဲ့သော လူငယ်၊ ဂျဲန်ဒါ၊ မီဒီယာသင်တန်းသူ ဆရာခိုမှ တင်ဆက်ခြင်းဖြစ်ပြီး ၁၆ ရက်တာအကြို အွန်လိုင်းလှုပ်ရှားမှုအဖြစ် တင်ဆက်ပါသည်







