မဲဆောက်၊ နိုဝင်ဘာလ ၃၀
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ၅ မြို့နယ်ရဲ့ အားကစား၊ အနုပညာနဲ့ သင်္ချာစွမ်းရည်ပြိုင်ပွဲတွေမှာ ထိုင်းကျောင်းနည်တူ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတွေလည်း လက်ရည်တူ ယှဥ်ပြိုင်ခွင့်ရမယ်လို့ Border Echo မှ စုံစမ်းသိရှိရပါတယ်။
နယ်စပ် ၅ မြို့နယ်ရဲ့ စာပေ၊ အနုပညာ၊ အားကစားပြိုင်ပွဲတွေအတွက် မဲဆောက်အခြေစိုက် ထိုင်းကျောင်းနှင့် မြန်မာရွှေ့ပြောင်းကျောင်းများ လက်ရည်တူယှဥ်ပြိုင်ဖို့ ကျောင်းအဆင့် လူရွေးပွဲများကို ရွှေ့ပြောင်းပညာရေ းချိတ်ဆက်ရေးစင်တာ (Migrant Education Coordination Center – MECC) မှ ဦးဆောင်လျှက်ရှိပါတယ်။
အဆိုပါပြိုင်ပွဲတွေမှာ ထိုင်းရိုးရာအက၊ ပန်းချီရေးဆွဲခြင်း၊ အင်္ဂလိပ်နှင့် ထိုင်း ကျဘမ်းစကားပြောပြိုင်ပွဲ၊ သင်္ချာပြိုင်ပွဲနှင့် ဘော်လီဘော၊ ခြင်းလုံးနဲ့ စားပွဲတင်းနစ်ကစားနည်းများ ပါဝင်တာပါ။
နိုဝင်ဘာလ ၂၉ ရက်နေ့ဖြစ်တဲ့ ယမန်နေ့မှာတော့ မဲဆောက်အခြေစိုက် ဆာသူးလေအထက်တန်းကျောင်းနဲ့ ဟိုဖိုင် ကျေးရွာက ထိုင်းစာသင်ကျောင်းမှာ ထိုင်းရိုးရာအက၊ ပန်းချီပြိုင်ပွဲများ၊ သင်္ချာပြိုင်ပွဲနဲ့ ထိုင်း၊ အင်္ဂလိပ်ကျဘမ်းစကားပြောပြိုင်ပွဲများကို ကျင်းပခဲ့ပါတယ်။
ယင်းလူရွေးပွဲကို မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းသင်ကြားရေးစင်တာများက ဝင်ရောက်ယှဥ်ပြိုင်ပြီး MECC နဲ့အတူ ကလေးများနေ့ဖြစ်မြောက်ရေးကော်မတီများကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါသေးတယ်။
ဒ့ါအပြင် ရွှေ့ပြောင်းသင်ကြားရေးစင်တာတွေက လာမယ့် ခြင်းလုံး၊ ဘောလီဘောနဲ့ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွေကို လာမယ့် ဒီဇင်ဘာလ ပထမအပတ်အတွင်း ပြုလုပ်သွားဖို့လည်းရှိပါတယ်။
အဲ့ဒီမှတဆင့် ရွှေ့ပြောင်းကျောင်း လက်ရွေးစင်များကို မဲဆောက်က ထိုင်းကျောင်းများနဲ့ ပြန်လည်ယှဥ်ပြိုင်စေပြီး မဲဆောက်အဆင့် ရွေးချယ်သွားဖို့ရှိနေတယ်လို့ MECC က Border Echo ကို ပြောပါတယ်။
ရွှေ့ပြောင်းပညာရေးချိတ်ဆက်ရေးစင်တာ (Migrant Education Coordination Center – MECC) ဟာ ထိုင်းပညာရေးဝန်ကြီးဌာန၊ တာ့ခ်ခရိုင်၊ အမှတ် (၂) အခြေခံပညာရေးရုံးရဲ့ စင်တာဖြစ်ပြီး တာ့ခ်ခရိုင်၊ နယ်စပ် ၅ မြို့နယ်က ရွှေ့ပြောင်းသင်ကြားရေးစင်တာနဲ့ ထိုင်းပညာရေးအကြား အဓိက ချိတ်ဆက်မှုတွေ ဆောင်ရွက်နေပါတယ်။
သတင်း၊ ဓါတ်ပုံ – Border Echo
#borderlines #universe #thailand #basic #universe #mojo
တာ့ခ်ခရိုင် နယ်စပ် ၅ မြို့နယ်က မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတွေ အားကစား၊ အနုပညာနဲ့ သင်္ချာစွမ်းရည်ပြိုင်ပွဲတွေမှာ ထိုင်းကျောင်းများနဲ့ လက်ရည်တူယှဥ်ပြိုင်ခွင့်ရမယ်







