မူအေးမူ၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅
မိသားစုအကြပ်အတည်းကို ရဲရဲဝင့်ဝင့် ရင်ဆိုင်နေတဲ့ စစ်ရှောင်ဖခင် (သို့) ဦးဘယ်နီ ဒီဇင်ဘာလ ။ မူအေးမူ ကရင်နီပြည်၊ ဒီမော့ဆို ၆ မိုင်ကနေ မယ်စဲ့မြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ အသက် ၄၀ အရွယ် ကယောလူမျိုး ဦးဘယ်နီ ပဲ ဖြစ်ပါတယ်။
၄ နေရာ ပြောင်းရွှေ့ခဲ့ရတဲ့ စစ်ရှောင်ဘဝ
ဦးဘယ်နီဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ မေလက စပြီး စစ်ရှောင်လာခဲ့ရတာပါ။ အခုဆိုရင် ၄ နှစ်ကျော် ရှိနေပါပြီ။ ဒီကာလအတွင်းမှာ သူတို့မိသားစုဟာ နေရာ ၄ နေရာတောင် ပြောင်းရွှေ့ခဲ့ရတဲ့အတွက် စားဝတ်နေရေး အကြပ်အတည်းတွေနဲ့ နေ့တိုင်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဦးဘယ်နီဟာ ဇနီးသည်နဲ့အတူ ကျောင်းနေအရွယ် ကလေး ၄ ဦးကို စောင့်ရှောက်နေရပါတယ်။ ကလေးမုန့်ဖိုးအပါအဝင် တစ်နေ့တာ အသုံးစရိတ်က အနည်းဆုံး ၁ သောင်းကျပ် လောက် ကုန်ကျနေတာကြောင့် မိသားစုအတွက် မလုပ်ဖူးတဲ့အလုပ်ကိုပါ ဝင်ငွေရအောင် လုပ်နေရတယ်လို့ ပြောပါတယ်။
ကျောင်းနေအရွယ် ကလေးငယ်တွေရဲ့ ကုန်ကျစရိတ်နဲ့ မိသားစု ၆ ဦးစာအတွက် အလုပ်အကိုင်ရှားပါးပြီး ရပ်တည်ဖို့ခက်ခဲတဲ့ ဒီလိုအချိန်မှာ မိသားစု စားဝတ်နေရေးအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပါတယ်။
မွေးမြူရေးလုပ်တာလည်း အရှုံးနဲ့ ဆုံးရှုံး
စစ်ရှောင်နေရင်း မိသားစု စားဝတ်နေရေးအတွက် တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးတွေ လုပ်ခဲ့ပေမဲ့ အရှုံးနဲ့ပဲ ရင်ဆိုင်ခဲ့ရကြောင်း ဦးဘယ်နီက အခုလို ဖွင့်ဟပြောပြပါတယ်။
“၂၅ ခုနှစ်ကတော့ ပြီးခဲ့တဲ့နှစ်က ကျနော် မနှစ်ကရှာထားတဲ့ပိုက်ဆံ အကုန်လုံး ပြောင်သွားတယ်။ ကိုယ့်နေရာဒေသနဲ့ကိုယ် မတူဘူး။ ဝက်မွေးတယ်။ ဝက်မွေးတော့လည်းတစ်ကောင်မှ အရှင်မရှိဘူး။ သုံးကောင်လေးကောင်စလုံး အကုန်သေတယ်။ အနာကြောင့်သေတယ်။ လယ်လုပ်ပြန်လည်းခက်ခဲတယ်။ ကိုယ်ဒေသနဲ့ မတူဘူး။ အိမ်တွင်းပစ္စည်းဆို ပေါက်ပြားတစ်လက်ပဲရှိတယ်။”
ချွေးနှဲစာပေမဲ့ အသားတစ်ပိသာတောင် ဝယ်မရတဲ့ နေ့စားခ
သူများတွေ အလုပ်ခေါ်ရင် ဦးဘယ်နီ အားရင် မဖြစ်မနေ လိုက်လုပ်ပါတယ်။ ဒါပေမဲ့ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် တစ်ရက်လုပ်အားခဟာ ဘာမှ မဟုတ်တော့ဘူးလို့ သူက ရင်နင့်ဖွယ် ပြောပြပါတယ်။
“နေ့စားလိုက်ရင် ဥပမာ လက်သမားဆိုရင်တော့ ၂ သောင်းခွဲရတယ်။ ဒါပေမဲ့ လယ်တောင်ယာတွေလိုက်ရင်တော့ ၂ သောင်း အဲ့မျိုးရတယ်။ ဒီတစ်ရက် နှစ်သောင်းဆိုရင်လည်း ဘာမှလည်း မဟုတ်ပါဘူး ဒါပေမဲ့ ချွေး နှဖူးကနေ ခြေမထိ ရှာရတဲ့ပိုက်ဆံလည်း အသားတစ်ပိသာတောင် မရဘူးပေါနော်။”
လယ်စိုက်ရင်း သေလုနီးပါးဖြစ်ခဲ့ရတဲ့ အကြွေးတွေ
၂၀၂၄ ခုနှစ်နောက်ပိုင်းမှာ အလှူရှင်တွေ ရှားပါးလာတဲ့အတွက် ၂၀၂၅ ခုနှစ်မှာ ဦးဘယ်နီတစ်ယောက် မိသားစု ဝဝလင်လင် စားသုံးနိုင်ဖို့ ၃ ဧကရှိတဲ့ လယ်ပိုင်ရှင်နဲ့ အကျိုးတူဖက်ဆက် စိုက်ပျိုးခဲ့ပါတယ်။ ဒါပေမဲ့ ချောင်းရေကြီးမှုကြောင့် တာတွေပျက်စီးခဲ့ရလို့ စိတ်ဓာတ်ကျပြီး သေလူနီးပါးတောင် ဖြစ်ခဲ့ရတယ်လို့ သူက ပြန်ပြောပြပါတယ်။
“ချောင်းကြီးတစ်ချောင်းကို ဝါးလုံးအများကြီးခုတ်။ ဝါးလုံး ၁၀၀ ကျော် အဝေးကြီးသွားခုတ်ရတယ်။ ရေကြီးတော့ တာ ပျက်စီးသွားတယ်။ ပြန်လုပ် နောက် နှစ်ခါတောင်မှ ပျက်စီးတယ်။ ကျနော်တောင် လုပ်ဖို့ အားမရှိတော့ဘူး။ ရေတားတဲ့ဟာ လုပ်တာ အားလည်းပျက်၊ စိတ်ဓာတ်လည်းကျတော့ ဆေးရုံတောင် ရောက်သွားသေးတယ်။ သေလုနီးပါးတောင် ဖြစ်ခဲ့သေးတယ်။” ဒီလို လယ်စိုက်တာကြောင့် ကျပ်သိန်း ၂၀ ခန့် ကုန်သွားပြီး စပါးအိတ် ၅၀ သာ ပြန်ရခဲ့တာမို့ လက်ရှိ ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် အရှုံးပေါ် တယ်လို့လည်း ဆိုပါတယ်။
ဗုံးကြဲမှာ ကြောက်လို့ အလုပ်မသွားရဲ
လယ်စိုက်တာကြောင့် အကြွေးတင်နေတဲ့ ပိုက်ဆံတွေကို မော်ချီးခဲတွင်းမှာ ခဲလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ဖို့ ဆန္ဒရှိနေသူပါ။ စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲခံရမှာ ကြောက်နေရတာကြောင့် မသွားရဲဘူးလို့ ဦးဘယ်နီက ပြောပါတယ်။
“သွားရှာမဲ့နေရာက ဗုံးကျဲမှာလည်း ကြောက်တော့ မသွားရဲပြန်ဘူး။ မသွားရဲတော့ အဲ့ဒီအကြွေးကို ဘာနဲ့ဆပ်ရမလဲ စဥ်းစားနေတာ။” ကရင်နီပြည်က ပြည်သူအများစု ပိုက်ဆံရှာဖို့ရှိတဲ့ မော်ချီးခဲတွင်းမှာလည်း ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းဗုံး မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ခဲလုပ်သားတွေဟာ အလုပ်မသွားရဲဘဲ ဖြစ်နေကြရတာပါ။
ကရင်နီပြည်သူတွေ ခံစားနေရတဲ့ ဘေးဒဏ်
ဦးဘယ်နီရဲ့ ဘဝဇာတ်ကြောင်းကို ကြည့်ရင် လက်ရှိ ကရင်နီပြည်က စစ်ရှောင်တွေအပါအဝင် ပြည်သူအများအပြားဟာ အလှူရှင်ရှားပါးမှု၊ အလုပ်အကိုင် ရှားပါးမှု၊ နဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ် တို့ကို အလူးအလဲ ခံစားနေကြရပါတယ်။ ကုလသမဂ္ဂ (UNHCR) ရဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ထုတ်ပြန်ချက်အရ ၁၄၁,၄၀၀ ဦးခန့် ရှိပြီး လူဦးရေ ထက်ဝက်ကျော်ခန့်ဟာ စစ်ရှောင်များ ဖြစ်ကြပါတယ်။







