မဲဆောက်၊ အောက်တိုဘာလ ၂၈
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မှာ ဓါးနဲ့ တိုက်ခိုက်ခံရတဲ့ မြန်မာအမျိုးသမီးငယ်ရဲ့ လည်ပင်းဒဏ်ရာကို ဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်မှာ ၄ နာရီကြာ ခွဲစိတ်မှု အောင်မြင်ခဲ့တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက Border Echo ကို ပြောပါတယ်။
ယင်းဖြစ်စဥ်ဟာ ယမန်နေ့ (အောက်တိုဘာလ ၂၇) ရက်နေ့ ထိုင်းစံတော်ချိန် ၂ နာရီခန့်တွင် ထိုင်းအစိုးရ ရုံးဝင်းတစ်ခုမှာ ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်သူဟာ ထိုင်းလူငယ်တစ်ဦးဖြစ်တယ်လို့ ထိိုင်းနဲ့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြကြတာပါ။
တိုက်ခိုက်ရတဲ့ အကြောင်းအရင်းကိုတော့ အာဏာပိုင်တွေက အတိအကျ ထုတ်ပြန်ထားခြင်းမရှိသေးသလို တိုက်ခိုက်သူနဲ့လည်း ရင်းနှီးပတ်သက်မှုမရှိဘူးလို့ နီးစပ်သူက Border Echo ကို ပြောပါတယ်။
မဲဆောက်အခြေစိုက် ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေကတော့ တိုက်ခိုက်သူတရားခံကို ဖြစ်စဥ်ဖြစ်ပွားတဲ့ တစ်ရက်အတွင်းမှာဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဒေသတွင်း လုံခြုံရေးအန္တရာယ်ကို လျှော့ချနိုင်ခဲ့ပါတယ်။
ဖြစ်စဥ်အတွင်း ထိခိုက်ခဲ့တဲ့ အမျိုးသမီးငယ်ဟာ လည်ပင်းနဲ့ လက်မောင်းတို့မှာ ဒဏ်ရာ ၂ ခု ရရှိခဲ့ပြီး လည်ပင်းဒဏ်ရာကိုတော့ အောင်မြင်စွာကုသနိုင်တာကြောင့် မကြာခင် ပြန်လည် သက်သာမယ်လို့ အဆိုပါ သတင်းရင်းမြစ်က Border Echo ကို အတည်ပြုပါတယ်။
မဲဆောက် အစိုးရရုံးဝင်တစ်ဝင်းတွင် ဖြစ်ပွားခဲ့တာကြောင့် သက်ဆိုင်ရာအစိုးရနဲ့ အာဏာပိုင်တို့ကလည်း အမျိုးသမီးငယ်၊ မိသားစုတို့ကို သွားရောက်တွေ့ဆုံမှုတွေရှိထားပါတယ်။
သတင်း၊ ဓါတ်ပုံ – Border Echo
#မြန်မာအမျိုးသမီးငယ် #ဓါးနဲ့တိုက်ခိုက်ခံရ #လည်ပင်းဒဏ်ရာ #၄နာရီကြာ







