လိင်အခြေပြုအကြမ်းဖက်အကြောင်းသိကောင်းစရာ – အပိုင်း (၁)

image for text news (1)

Sky၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃

Presented by Border Echo

လိင်အခြေပြုအကြမ်းဖက်ခြင်းသည် အမျိုးသမီးများ၊ LGBTQI+များတွင်သာမက အမျိုးသားများအပေါ်တွင်လည်း ဖြစ်ပွားနေသောအကြမ်းဖက်ခြင်းမျိုးဖြစ်သည်။ ထိုအကြမ်းဖက်ခြင်းမျိုးသည် အကျိုးသက်ရောက်မှုအလွန်ကြီးမားသော “လူ့အခွင့်အရေးချိုးဖောက်မှု”  တစ်ရပ်ပင်ဖြစ်သည်။

အပိုင်း (၁) – လိင်အခြေပြုအကြမ်းဖက်မှုဆိုတာ ဘာလဲ? ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုဆိုသည်မှာ အမျိုးသား၊ အမျိုးသမီး၊ LGBTQIA+ စသည့်မိမိကိုယ်ပိုင်လွတ်လပ်သော ခံယူချက်၊ ဖြစ်တည်မှုများ ကွဲပြားနေခြင်းအပေါ် အခြေခံကာ တစ်ဦးတစ်ယောက်ဆန္ဒနှင့်ဆန့်ကျင်ပြီးထိခိုက်နစ်နာစေရန် ကျူးလွန်သည့် အန္တရာယ်ရှိသောအပြုအမူမှန်သမျှကို ခြုံငုံဖော်ပြသောအသုံးအနှုံးတစ်ခုဖြစ်သည်။

အပိုင်း (၂) – လိင်အခြေပြုအကြမ်းဖက်ခြင်းအမျိုးအစားများ

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း (Sexual Violence) – လူတစ်ဦးကို ၄င်းတို့၏သဘောဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာကျူးလွန်ရန် ကြိုးပမ်းခြင်း  (သို့မဟုတ်) ကျူးလွန်ခြင်း။ လိင်ဆက်ဆံရန်အတွက် အတင်းအကျပ်ဖိအားပေးခြင်း။ လိင်ပိုင်းဆိုင်ရာအပြုအမူများကိုအကြမ်းဖက်စွာပြုလုပ်ခြင်း စသည့်လိင်ပိုင်းဆိုင်ရာ စော်ကားမှုများပါ၀င်ပါသည်။

ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း (Physical Violence) – ရိုင်းပြစွာကိုယ်ထိလက်ရောက်ပြုလုပ်ခြင်း၊ လက်နက်ဖြင့်တိုက်ခိုက်ခြင်း၊ ထိခိုက် အောင်ပြုလုပ်ခြင်းတို့အပြင် အခြားသောညှင်းပန်းနှိပ်စက်မှုများ စသည့်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်သော အကြမ်းဖက်မှုများပါ၀င်ပါသည်။

စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း (Psychological/Emotional Violence) – အမြဲအပြစ်တင်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ခြိမ်းခြောက်ခြင်း၊ တစ်ဦးတစ်ယောက်ကို စကား၊ အပြုအမူများဖြင့် စိတ်မကောင်းစေရန်၊ စိတ်ဓာတ်ကျဆင်းစေရန်၊ ကိုယ်ပိုင် တန်ဖိုးကျဆင်းစေရန်ပြုလုပ်ခြင်း စသည့်စိတ်ခံစားမှုကိုထိခိုက်စေနိုင်သော အကြမ်းဖက် မှုများပါ၀င်ပါသည်။

လူမှုစီးပွားရေးဆိုင်ရာအကြမ်းဖက်ခြင်း (Socio-Economic Violence) – ရပိုင်ခွင့်များပိတ်ပင်ထားခြင်း၊ လူမှုအသိုင်းအ၀ိုင်းမှဖယ်ကျဥ်ထားခြင်း၊ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးအရင်းအမြစ်များ (သို့မဟုတ်) အလုပ်များသို့ ၀င်ရောက်ခွင့်၊ လုပ်ကိုင်ခွင့်ကို ငြင်းပယ်ခြင်း၊ခွင့်ပြုချက်မရရှိခြင်း စသည့်လူမှုစီးပွားရေးကိုထိခိုက် စေနိုင်သော အကြမ်းဖက်မှုများပါ၀င်ပါသည်။

အန္တရာယ်ရှိသောရိုးရာယဥ်ကျေးမှု၊ ဓလေ့ထုံးစံများအရအကြမ်းဖက်ခြင်း (Violence based on dangerous cultural practices) – အရွယ်မတိုင်မီအိမ်ထောင်ချပေးခြင်း၊ အမျိုးသမီးများ၏လိင်အင်္ဂါကိုဖြတ်တောက် ခြင်း၊ ဂုဏ်သိက္ခာအလို့ငှာ သတ်ဖြတ်ခြင်း၊ အဓမ္မကိုယ်၀န်ဖျက်ချခြင်း စသည့်အကြမ်း ဖက်မှုများပါဝင်သည်။

အင်တာနက်အွန်လိုင်းများပေါ်မှအကြမ်းဖက်ခြင်း (Online or Cyber Violence) – ညစ်ညမ်းသောဓာတ်ပုံများပြသခြင်း၊ မတ်ဆေ့ချ်များပေးပို့၍နှောက်ယှက်ခြင်း၊ မိမိ၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုသဘောတူညီမှုမရှိဘဲ မျှ‌‌‌ဝေခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ထိုအချက်အလက်များကိုအသုံးပြုပြီး ငွေကြေးတောင်းခြင်း၊ ခြိမ်းခြောက်ခြင်း စသည့်အင်တာနက်၊ အွန်လိုင်းပေါ်မှ အကြမ်းဖက်ခြင်းများပါ၀င်ပါသည်။

အိမ်တွင်းအကြမ်းဖက်ခြင်း (Domestic Violence) – မိသားစုအတွင်းရှိ အမျိုးသမီး၊ကလေးသူငယ်များနှင့်သက်ကြီးရွယ်အိုများကို လိင်အပေါ်အခြေခံ၍ ညှင်းပန်းနှိပ်စက်ခြင်း၊ထိခိုက်သေဆုံးအောင်ပြုလုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာဖိနှိပ်ခြင်း စသည့်အိမ်တွင်းအကြမ်းဖက်ခြင်းများပါဝင်ပါသည်။

ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း (Conflict-Related Sexual Violence) – ပဋိပက္ခကာလများအတွင်းအစိုးအရစစ်တပ်၊ အစိုးရမဟုတ်သောလက်နက်ကိုင် အဖွဲ့အစည်းများ၊ ရဲနှင့်အခြားလက်နက်ကိုင်အဖွဲ့အစည်းများမှ အမျိုးသားများ၊ အမျိုးသမီးများနှင့်LGBTQI+များအပေါ်ကျူးလွန်သည့် မုဒိန်းမှု၊ လိင်ကျွန်ပြုခြင်း၊ လိင်အလုပ်သမားအဖြစ်အတင်းအဓမ္မခိုင်းစေခြင်း၊ သင်းကွပ်ခြင်း၊ ဝတ်လစ်စလစ် ဖြစ်စေရန်အဓမ္မခိုင်းစေခြင်းစသည့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများပါဝင်ပါသည်။

အပိုင်း (၂) ကို ဆက်လက်တင်ဆက်ပါမည်။

ဤဆောင်းပါးသည် Border Echo မှ ကျင်းပပြုလုပ်ခဲ့သော လူငယ်၊ ဂျဲန်ဒါ၊ မီဒီယာ သင်တန်းသား Sky မှ ၁၆ ရက်တာအကြို အွန်လိုင်းလှုပ်ရှားမှုအဖြစ် ပူးပေါင်းတင်ဆက်ပါသည်

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top