အရိပ်မည်း- လူမှုမီဒီယာခေတ်တွင် လိင်အမြတ်ထုတ်ခံရမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသော မြန်မာလူငယ်များ

image for text news (1)

ဆရာခို၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် 

Presented by Border Echo 

ခေတ်သစ်လူငယ်များကြားတွင် အချစ်နှင့် လိင်ပိုင်းဆိုင်ရာ ရှုမြင်ပုံများသည် ယခင်ခေတ်နှင့်မတူဘဲ သိသိသာသာ ပြောင်းလဲလာလျက်ရှိသည်။ 

ဤပြောင်းလဲမှု၏ အဓိကရင်းမြစ်မှာ လူမှုမီဒီယာ (Social Media) များ ပေါများလာခြင်းကြောင့် လိင်အသားပေး အကြောင်းအရာများ (Pornography) ကို အသက်မပြည့်သေးသူများအထိ လွယ်ကူစွာ လက်လှမ်းမီလာခြင် းပင်ဖြစ်သည်။ ၎င်းတို့သည် မီဒီယာမှ ဖန်တီးထားသော စိတ်ကူးယဉ်ဆန်သည့် ဆက်ဆံရေးပုံစံများကို လက်တွေ့ဘဝတွင် အတုယူ ကျင့်သုံးလိုလာကြသည်။ 

ထို့အပြင် လူမှုရေးဖိအား (Peer Pressure) များလည်း ကြီးထွားလာပြီး၊ ရည်းစားမရှိသူကို “FA” ဟု နှိမ်ခြင်း သို့မဟုတ် ချစ်သူထားရှိရန် ဖိအားပေးခြင်းများသည် လူငယ်များအပေါ် မလိုအပ်သော စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ဖြစ်စေသည်။

ဤသို့ ပြောင်းလဲလာသော အမြင်များနောက်တွင် အကြီးမားဆုံးသော အန္တရာယ်မှာ အသက်မပြည့်သေးသည့် ကလေးသူငယ်များအား လိင်အမြတ်ထုတ်သူများက ပစ်မှတ်ထား ချဉ်းကပ်ခြင်း (CSA) ကိစ္စများ စိုးရိမ်ဖွယ်ရာ မြင့်တက်လာခြင်း ဖြစ်သည်။ 

စိတ်ခံစားမှု အားနည်းနေသော ကလေးသူငယ်များသည် အမြတ်ထုတ်သူ၏ နွေးထွေးမှုအတုကို အချစ်စစ်အဖြစ် မှားယွင်းစွာ ခံယူတတ်ကြသည်။ ၄င်းတို့၏”ဘယ်သူနဲ့မှ မပေါင်းရဘူး” စသည့် ချုပ်ချယ်မှုများကိုပင် ချစ်ခြင်းမေတ္တာအဖြစ် ရှုမြင်လာပြီး၊ အမြတ်ထုတ်သူ၏ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု (Manipulation) ကို အလွယ်တကူ ခံယူရလေ့ရှိသည်။

ဥပဒေရေးရာအရ အသက်မပြည့်သေးသူတစ်ဦးနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှု ပြုလုပ်ခြင်းသည်  “နှစ်ဦးသဘောတူ” ခဲ့သည်ဆိုလျှင်ပင် တရားမဝင်ပါ။ အကြောင်းမှာ ဥပဒေကြောင်းအရ အသက်မပြည့်သေးသူများသည် လိင်ဆက်ဆံမှုအတွက် တရားဝင် ခွင့်ပြုချက် (Legal Consent) ပေးနိုင်ခြင်းမရှိသောကြောင့် ယင်းလုပ်ရပ်သည် လိင်အမြတ်ထုတ်မှု သို့မဟုတ် သက်ငယ်မုဒိမ်းမှု (Statutory Rape) မြောက်ပါသည်။ 

လိင်ဆက်ဆံမှု၏ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ငယ်ရွယ်သူ Single Mother ဘဝကို ရောက်ရှိခြင်း၊ ကိုယ်ဝန်ဖျက်ချမှုကြောင့် အသက်ဆုံးရှုံးရခြင်းနှင့် ကျန်းမာရေး ထိခိုက်ရခြင်း စသည့် ရေရှည်ဆိုးကျိုးများစွာကို လူငယ်များ ရင်ဆိုင်ရမည် ဖြစ်သည်။

လက်ရှိအခြေအနေတွင် Telegram ကဲ့သို့သော ပလက်ဖောင်းများမှ ငွေကြေးရယူရန်အတွက် (၁၈+) ကြော်ငြာများနှင့် ဗီဒီယိုများ ဖြန့်ချိနေမှု သည် အခြေအနေကို ပိုမိုဆိုးရွားစေသည်။ အတွေးအခေါ်၊ အသိပညာနှင့် ဥပဒေရေးရာ ကာကွယ်မှုများ အားနည်းနေသေးသည့် မြန်မာနိုင်ငံတွင် ဤကဲ့သို့သော လမ်းကြောင်းမှားများ ပိုမိုတိုးပွားလာနိုင်ကြောင်း စိုးရိမ်မကင်း သုံးသပ်မိသည်။

ဤရှုပ်ထွေးသည့် လူမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ကျောင်းများတွင် လိင်ပညာပေးအစီအစဉ် (CSE) များကို ထိရောက်စွာ သင်ကြားပေးခြင်း၊ လူငယ်များအား မီဒီယာမှ လာသည့် သတင်းအချက်အလက်များကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော စဉ်းစားတွေးခေါ်မှု ဖြင့် ခွဲခြမ်းစိတ်ဖြာတတ်ရန် လေ့ကျင့်ပေးခြင်း၊ နှင့် မိဘများက ကလေးများအား စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် နွေးထွေးမှု ပေးခြင်းဖြင့် အပြင်လူ၏ ထိန်းချုပ်ခြင်းကို မခံရစေရန် ကြိုတင် ကာကွယ်ပေးခြင်းတို့သည် အရေးတကြီး လိုအပ်နေကြောင်း တိုက်တွန်းအပ်ပါသည်။

ဤဆောင်းပါးသည် Border Echo မှ ကျင်းပပြုလုပ်ခဲ့သော လူငယ်၊ ဂျဲန်ဒါ၊ မီဒီယာသင်တန်းသား ဆရာခိုမှ ရေးသားခြင်းဖြစ်ပြီး နှင့် ၁၆ ရက်တာအကြို အွန်လိုင်းလှုပ်ရှားမှုအဖြစ် တင်ဆက်ပါသည်။

#အရိပ်မည်း #လူငယ် #ဆိုရှယ်မီဒီယာ #လိင်အကြမ်းဖက်မှုအန္တရာယ် #လူငယ်ဂျဲန်ဒါမီဒီယာ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top