ငွေမက်လုံးပေးပြီး အိမ်ခြေယာမဲ့များရဲ့ အထောက်အထား လွှဲပြောင်းယူကာ ဘဏ်စာရင်းဖွင့်နေတဲ့ ငွေကြေးခဝါချကွန်ရက်ကိစ္စ ဘန်ကောက်မြို့ပြအစိုးရ ကိုင်တွယ်မယ်

image for text news

ဘန်ကောက်၊ စက်တင်ဘာလ ၂၁

ငွေကြေးခဝါချဖို့အတွက် ဘန်ကောက်က အိမ်ခြေယာမဲ့တွေကို ငွေပေးဆွဲဆောင်ပြီး ဘဏ်အကောင့်ဖွင့်ခိုင်းတဲ့ကိစ္စကို ကိုင်တွယ်ဖို့ မြို့ပြအစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက အစီအရင်ခံပါတယ်။

ငွေလိမ်ဂိုဏ်းတွေရဲ့ ကြားခံအကျိုးဆောင်တွေဟာ အိမ်ခြေမဲ့တွေရဲ့ မှတ်ပုံတင်ကို အသုံးပြုကာ ဘဏ်အကောင့်ဖွင့်ခိုင်းစေပြီး တစ်ဦးလျှင် ဘတ်ငွေ ၅၀၀ မှ ၅၀၀၀ အထိ ပေးတာဖြစ်တယ်လို့ သိရတာပါ။

ဘန်ကောက်မြို့ပြစီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အက်ဝါရန်ယူ အမ်မရာပန်က လူမှုဖွံ့ဖြိုးရေးဦးစီးဌာန၊ ဘန်ကောက်ခရိုင်ရုံး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ အရပ်ဖက်အဖွဲ့တွေဟာ ထိခိုက်လွယ်အခြေအနေရှိတဲ့ အိမ်ခြေမဲ့တွေ တရားမဝင်ငွေကြေးလုပ်ငန်းတွေမှာ အသုံးချခံနေရတဲ့ ကိစ္စထဲ မရောက်အောင် ကာကွယ်ပေးနေနတယ်လို့ ဆိုပါတယ်။ 

အာဏာပိုင်တွေဟာ ဘန်ကောက်မြို့တဝိုက် အိမ်ခြေမဲ့တွေ စုဝေးနေထိုင်တဲ့ နေရာအများအပြားတွင် ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံရေးအကြောင်း၊ သူစိမ်းများမှ ဘဏ်အကောင့်ဖွင့်ဖို့ အကူအညီတောင်းရင် ငြင်းဆန်ကြရန် စတဲ့ အကြောင်းအရာတွေကို သင်တန်းပေးတာတွေ လုပ်ဆောင်နေကြပါတယ်။ 

ဒါ့အပြင်အိမ်ခြေမဲ့ပြည်သူတွေ ကိုယ်ရဲ့ မှတ်ပုံတင်နဲ့ စာရွက်စာတမ်းတွေကို လွှဲပြောင်းပေး အပ်ခြင်းမပြုဖို့ ဘန်ကောက်မြို့ပြအစိုးရက တိုက်တွန်းထားပြီး ငွေလိမ်ဂိုဏ်းရဲ့အကျိုးဆောင်တွေဆီ အထောက်အထားပေးမိသူတွေကိုလည်း အသစ်ပြန်လည်ပေးမယ်လို့ သိရပါတယ်။ 

ဘန်ကောက်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ငွေကြေးခဝါချဖို့အတွက် အသုံးပြုတဲ့ ဘဏ်အကောင့်တွေနဲ့ ဆက်စပ်တဲ့ အိမ်ခြေယာမဲ့တချို့ကိုလည်း ဖမ်းဆီးမိတာကြောင့် အခုလို အခကြေးငွေယူပြီး ဘဏ်ဖွင့်ပေးတဲ့ ကိစ္စကို နှိမ်နင်းတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ 

ဘန်ကောက်မြို့ပြအစိုးရဟာ မြို့တော်ဧရိယာအတွင်းက အိမ်ခြေယာမဲ့တွေကို ငွေမက်လုံးပေးကာ ဘဏ်အကောင့်ဖွင့်ခိုင်းတဲ့ အကျိုးဆောင်တွေနဲ့ ဆက်စပ်မှုခင်းကွန်ရက်တွေကို ခြေရာခံဖို့ နယ်မြေရဲဌာနတွေကို အသိပေးထားတယ်လို့လည်း ဘန်ကောက်ရဲကော်မရှင်နာရုံးက ဆိုပါတယ်။ 

သတင်း၊ ဓါတ်ပုံ – Border Echo 

Ref – Bangkok Post

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top