
မဲဆောက်ဈေး မြန်မာရန်ပွဲတွေ ဆက်တိုက်ဖြစ်ပြီးတဲ့နောက် စျေးသွားလာပြည်သူနဲ့ ဈေးပတ်ဝန်းကျင် လုံခြုံရေးအတွက် အာဏာပိုင်တွေဝင်ရောက် စစ်ဆေး
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်ဈေးမှာ မြန်မာရန်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်လာပြီး ဈေးပတ်ဝန်းကျင်နဲ့ ဈေးသွားလာပြည်သူတွေ လုံခြုံရေးအတွက် အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
မဲဆောက်ဈေးအတွင်းမှာ သူဌေးအလုပ်သမား၊ မြန်မာဈေးသည်အချင်းချင်းဖြစ်ပွားတဲ့ ရန်ပွဲတွေ၊ ဈေးရောင်းနဲ့ စျေးသည်တွေအချင်းချင်းဖြစ်တဲ့ ရန်ပွဲတွေဟာ ထိုင်းလူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပြီး ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
ယနေ့မနက်ခင်း အာဏာပိုင်တွေ စစ်ဆေးမှုမှာတော့ ဖချလွန် ဈေးတဝိုက် လမ်းနဲ့ မလွတ်တဲ့ ဈေးဗန်းတွေကို သိမ်းဆည်းခိုင်းတာ၊ ဈေးသွားလာပြည်သူတွေ လုံခြုံရေးရှိဖို့ ဆောင်ရွက်ပေးတာတွေကို အဓိကလုပ်ဆောင်ခဲ့ပါတယ်။
ဖချလွန်ဈေးတဝိုက် ရန်ပွဲဖြစ်ပွားမှုအတွင်း ပါဝင်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းတွေကိုတော့ အာဏာပိုင်တွေက စစ်ဆေးပြီး ဒဏ်ငွေရိုက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။
မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းတစ်ဦးကတော့ မဲဆောက်ဈေး ရန်ပွဲတွေဟာ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ရောက်နေတဲ့ မြန်မာတွေကို သက်ရောက်မှုတွေရှိနိုင်ပြီး မဲဆောက်မြို့ ပုံရိပ်ကိုလည်း ထိခိုက်စေနိုင်တယ်လို့ Border Echo ကို မှတ်ချက်ပြုပါတယ်။