ထိုင်းနိုင်ငံ၏ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့် လိင်အကြမ်းဖက်မှုကာကွယ်ရေးဥပဒေများကို လေ့လာခြင်း
ဆရာခို၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀
Presented by Border Echo
ကလေးသူငယ်နှင့် လူငယ်များကို ကာကွယ်ခြင်း ပုဒ်မ ၂၇၇ မှ ၃၁၉ အထိ ထိုင်းနိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေ (Criminal Code) သည် နိုင်ငံသားအားလုံးအထူးသဖြင့် ကလေးသူငယ်နှင့် လူငယ်များ ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ခေါ်ဆောင်မှုများ(ပြန်ပေးဆွဲမှု့များ)မှ တိကျပြတ်သားစွာ ကာကွယ်ပေးထားပါသည်။
ထိုဥပဒေပုဒ်မများသည် လူမှုအသိုင်းအဝိုင်းရှိ မိသားစုဝင်များ၊ ဆရာများ၊ နှင့် တခြားသောလူပုဂ္ဂိုလ်များထံမှ ကလေးများကို မတော်မတရားပြုကျင့်ခြင်းမှ တားဆီးရန် အဓိကရည်ရွယ်ပါသည်။
နှစ်ဦးသဘောတူကြူးလွန်ပေမယ့် အသက်မပြည့်သေးသော ကလေးအပေါ်လိင်အမြတ်ထုတ်ပါက မုဒိန်းမှုက မုဒိန်းမှုဖြစ်ပြီး ထိုသို့ ပြုမူသူအားလုံးကို မုဒိန်းကောင်ဟုပဲကျွန်တော်သတ်မှတ်ပါသည်။
မြန်မာရွှေ့ပြောင်းအများစုနေထိုင်ရာ မဲဆောက်နှင့် ထိုင်းနိုင်ငံတွင်လည်း ထိုင်းဥပဒေအရ ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများအတွက် (ပုဒ်မ ၂၇၇၊ ၂၇၈၊ ၂၇၉)ကျူးလွန်မှုများတွင် အသက်အပိုင်းအခြားအလိုက် ပုဒ်မ ၃ ခုဖြင့် တင်းကျပ်စွာ အရေးယူဆောင်ရွက်ဖို့ စည်းမျဥ်းထုတ်ပြန်ထားသည်။
၅ နှစ်အောက် ကလေးသူငယ်များအား အပြည့်အဝ ကာကွယ်ခြင်း (ပုဒ်မ ၂၇၇) – ပုဒ်မ ၂၇၇ သည် ထိုင်းဥပဒေတွင် အပြင်းထန်ဆုံးကာကွယ်မှုပေးထားသော အပိုင်းဖြစ်သည်။ အသက် ၁၅ နှစ်အောက် ကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ဆက်ဆံခြင်း (မုဒိမ်းမှု) သည် ထိုကလေး၏ ဆန္ဒသဘောတူညီမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြစ်မှုမြောက်သည်။ ဥပမာအားဖြင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးနှင့် သူမ၏ အသက် ၂၀ အရွယ် ချစ်သူကောင်လေးတို့ နှစ်ဦးသဘောတူလိင်ဆက်ဆံခဲ့လျှင်ပင် ကောင်လေးသည် ပုဒ်မ ၂၇၇ ဖြင့် မုဒိမ်းမှုကျူးလွန်သည်ဟု မှတ်ယူကာ တရားစွဲခံရမည်။ အဘယ်ကြောင့်ဆိုသော် ဥပဒေအရ ၁၅ နှစ်အောက်ကလေးများသည် လိင်မှုကိစ္စအတွက် ပြစ်မှုကင်းသော သဘောတူညီချက်ကို ပေးနိုင်စွမ်းမရှိဟု သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ ဤပုဒ်မသည် ကျူးလွန်သူသည် ကလေး၏ ဖခင် ဆွေမျိုး၊ ဆရာ သို့မဟုတ် အိမ်ထောင်ဖက် သမီးရည်းစား ဖြစ်နေစေကာမူ အကျုံးဝင်သည်။
၁၅ နှစ်အထက် လူငယ်များအား ကာကွယ်ခြင်း (ပုဒ်မ ၂၇၈ နှင့် ၂၇၉) – ၁၅ နှစ်အထက် လူငယ်များအတွက်မူ ခြိမ်းခြောက်မှုနှင့် အနိုင်ကျင့်မှုများကို အဓိကထား ကာကွယ်သည်။ ပုဒ်မ ၂၇၈ တွင် ၁၅ နှစ်အထက် လူငယ်ကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ လှည့်ဖြားခြင်း သို့မဟုတ် အင်အားသုံးခြင်း ဖြင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ကျူးလွန်ခြင်းကို တားမြစ်ထားသည်။( လိင်အင်္ဂါမှလွဲ၍ အခြားအရာများ သို့မဟုတ် အရာဝတ္ထုများဖြင့် ထိုးသွင်းခြင်းကိုလည်း)အဓိက ထည့်သွင်းထားသည်။ ပုဒ်မ ၂၇၉- အသက် ၁၃ နှစ်အောက် ကလေးအား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှု Indecent Assault ကို ရည်ညွှန်းသည်။ ၁၃ နှစ်အောက် ကလေးကို ခြိမ်းခြောက်၊ အင်အားသုံး သို့မဟုတ် ခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်၍ စော်ကားခြင်းကို သတ်မှတ်ထားသည်။
ထိုင်းနိုင်ငံ၏ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု ဥပဒေတွင် ကလေးသူငယ်များကို အုပ်ထိန်းသူမသိပဲ ခေါ်ဆောင်သွားခြင်း (သို့မဟုတ်) လူကုန်ကူးခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဥပဒေအရ ကာကွယ်သည့် ပုဒ်မများလည်းပါဝင်သေးသည်။
ကလေးသူငယ်/လူငယ် ခေါ်ဆောင်မှုနှင့် ရောင်းဝယ်မှုမှ ကာကွယ်ခြင်း (ပုဒ်မ ၃၁၇၊ ၃၁၈၊ ၃၁၉) – ဤပုဒ်မများသည် ကလေးသူငယ်များကို မိဘ သို့မဟုတ် အုပ်ထိန်းသူများ၏ ထိန်းချုပ်မှုနယ်မြေမှ ခိုးယူသွားခြင်းနှင့် မရိုးမသား သုံးစားခြင်းများမှ ကာကွယ်ပေးသည်။
၁၅ နှစ်အောက် ကလေး ခိုးယူခြင်း (ပုဒ်မ ၃၁၇) – အသက် ၁၅ နှစ်အောက် ကလေးကို မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက်မပါဘဲ ခေါ်ထုတ်သွားခြင်း၊ ဖျားယောင်းခေါ်ဆောင်ခြင်း၊ သို့မဟုတ် ခေါ်သွားခြင်းသည် ကလေး သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ပြစ်မှုမြောက်သည်။ ဥပမာ အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦးကို အွန်လိုင်းမှသိသူတစ်ဦးက မိဘမသိဘဲ အဝေးတစ်နေရာသို့ ခေါ်သွားလျှင်၊ ထိုသူသည် ပုဒ်မ ၃၁၇ ဖြင့် ပြစ်မှုကျူးလွန်သည်။ အကယ်၍ ထိုသူက ခေါ်သွားသော ကလေးကို မဖွယ်မရာပြုလုပ်ပါက၊ ပြစ်ဒဏ်မှာ ပိုမိုကြီးလေးသွားမည် ဖြစ်သည်။ခေါ်ဆောင်သူသာမကဘဲ၊ ထိုကလေးကို မရိုးမသား ရည်ရွယ်ချက်ဖြင့် လက်ခံထားသူ ကိုလည်း အလားတူ ပြစ်ဒဏ်ပေးနိုင်သည်။
လူငယ်များကို မရိုးမသား ခေါ်ဆောင်ခြင်း (ပုဒ်မ ၃၁၈ နှင့် ၃၁၉) – ပုဒ်မ ၃၁၈- ၁၅ နှစ်အထက် လူငယ်ကို အုပ်ထိန်းသူ ခွင့်ပြုချက်မပါဘဲ ခေါ်ဆောင်ခြင်း သို့မဟုတ် လူငယ်၏ ဆန္ဒမပါဘဲ ခေါ်သွားခြင်း၊ မရိုးမသား ရောင်းချခြင်း/ဝယ်ယူခြင်း တို့ကို ပြစ်ဒဏ်ပေးသည်။ ပုဒ်မ ၃၁၉- ကလေး သို့မဟုတ် လူငယ်၏ သဘောတူညီမှုရှိသည်ဖြစ်စေ၊ အုပ်ထိန်းသူမသိဘဲ မဖွယ်မရာပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်သွားလျှင်၊ ရောင်းချသူနှင့် ဝယ်ယူသူ နှစ်ဦးစလုံး ပြစ်ဒဏ်ခံရမည်။
ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးအပြင် အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များကို ကာကွယ်ထားသည် ထိုင်း၏ ဥပဒေကိုလည်း အနည်းငယ်မိတ်ဆက်လိုပါသည်။
အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေးဥပဒေတွင် အထက်ပါ ပုဒ်မများအပြင်၊ ထိုင်းနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ကို သီးခြား ပြဋ္ဌာန်းထားသည်။ အိမ်ထောင်ဖက်၊ ကလေးသူငယ်၊ မိသားစုဝင် သို့မဟုတ် အတူနေထိုင်သူ တစ်ဦးဦး၏ ခန္ဓာကိုယ်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေးကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း သို့မဟုတ် အာဏာကို အသုံးပြုပြီး ထိန်းချုပ်စိုးမိုးခြင်း တို့ကို ဆိုလိုသည်။ အကျုံးဝင်မှု ယင်းဥပဒေသည် မိသားစုဝင်များကြား ဖြစ်ပွားသော ရိုက်နှက်မှု၊ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနှင့် ထိန်းချုပ်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုပါ ကိုင်တွယ်ဖြေရှင်းပေးသည်။
ထိုင်းနိုင်ငံ၏ အကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေး ဥပဒေများသည် အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများတွင် ၁၅ နှစ်အောက် ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံမှုကို ပထမဦးစားပေးထားခြင်းကို မြင်တွေ့ရသည်။ အကြောင်းမူကာကျွန်တော်တို့သည် ရင်းနှီးတဲ့သူများ၏ လက်ထဲတွင် ကလေးငယ်များကိုကို ယုံယုံကြည်ကြည် အပ်နှံထားကြပြိး ထိုကိစ္စများကိုကျူးလွန်သူအများစုမှာ မိသားစုနဲ့ရင်းနှီးသောမိတ်ဆွေများသာဖြစ်ကြ၏။
ထိုကြောင့်ယင်းသဘောတူညီမှုကို ဥပဒေအရ အသိအမှတ်မပြုဘဲ ကျူးလွန်သူကို ပြစ်ဒဏ်ပေးခြင်းဖြင့် ကလေးသူငယ်များ၏ အနာဂတ်ကို ကာကွယ်ပေးထားသည်။ ဤဥပဒေများကို သိရှိခြင်းသည် ထိုင်းနိုင်ငံတွင် နေထိုင်သူတိုင်းအတွက် အရေးကြီးသော အသိတခုဖြစ်သလို လူတိုင်းသိသင့်သည်။
ဤဆောင်းပါးသည် Border Echo မှ ကျင်းပပြုလုပ်ခဲ့သော လူငယ်၊ ဂျဲန်ဒါ၊ မီဒီယာသင်တန်းသား ဆရာခိုမှ ၁၆ ရက်တာအကြို အွန်လိုင်းလှုပ်ရှားမှုအဖြစ် တင်ဆက်ပါသည်







