လစာမလုံလောက်မှုက ဝါးမျိုလိုက်တဲ့ကရင်နီဆရာများရဲ့ အနာဂတ်

image for text news

မူအေးမူ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉
Presented by Border Echo

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကိုယ့်ဝါသနာ၊ ကိုယ့်အိပ်မက်အတိုင်း လုပ်ကိုင်နိုင်ဖို့ဆိုတာ တကယ့်ကို ခက်ခဲတဲ့အရာပါ။ အထူးသဖြင့် ကရင်နီပြည်လို စစ်ရေး၊ စီးပွားရေး စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ နေရာမျိုးမှာပေါ့။ ပညာရေး နယ်ပယ်မှာ စိတ်ရောကိုယ်ပါ မြှုပ်နှံထားတဲ့ ဆရာ/မ တွေတောင်မှ မိသားစု ဝမ်းရေးအတွက် အနာဂတ်ကို စွန့်လွှတ်နေရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

ဆရာအလုပ်ကို စွန့်ပြီး ထိုင်းကို လှည့်ထွက်သွားသူ ခွန်အောင်နိုင် “မိသားစု ပိုပြီးအဆင်ပြေဖို့၊ ပိုပြီး အလုပ်လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ ထိုင်းဖက်ကို အလုပ်ထွက်လုပ်ရတာ ဖြစ်တယ်ပေါ့”။ ဒါကတော့ အသက် ၂၀ အရွယ် ခွန်အောင်နိုင်ရဲ့ ရင်ဖွင့်စကားပါ။

သူဟာ ၂၀၂၃ ခုနှစ်ကတည်းက ကရင်နီပြည်ရဲ့ ပညာရေးအတွက် သူအရမ်းဝါသနာပါတဲ့ စာသင်တဲ့အလုပ်ကို လုပ်ကိုင်ခဲ့သူပါ။ ဆရာတစ်ဦးအနေနဲ့ ရပ်တည်ရတာကို သူတန်ဖိုးထားပါတယ်။ ဒါပေမဲ့… လက်တွေ့ဘဝက အိပ်မက်တွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။

မလောက်ငှတဲ့ လစာနဲ့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းဖိအား

ကရင်နီပြည်ရဲ့ နေရာတိုင်းလိုလိုမှာ ကြုံနေရတဲ့ ကုန်ဈေးနှုန်း မြင့်တက်မှု ပြဿနာကြောင့် ဆရာတစ်ဦးအဖြစ် တစ်လရတဲ့ မုန့်ဖိုးဟာ မိသားစု အသုံးစရိတ်အတွက် လုံးဝ မလုံလောက်တော့ပါဘူး။

“အဓိက ကျနော်တို့ရတဲ့ လစာ၊ မုန့်ဖိုးနဲ့ အခုကုန်ဈေးနှုန်းနဲ့ မကိုက်ညီဘူးပေါ့နော်။ ဘယ်သူ့ကိုမှလည်း အပြစ်တင်လို့တော့ မရဘူးပေါ့နော်။ လက်ရှိက ကြားကာလဆိုတော့လေး။” လို့ ခွန်အောင်နိုင်က ဆိုပါတယ်။

ဒါကြောင့် သူဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကစပြီး ကျောင်းဆရာအလုပ်ကို ရပ်နားကာ နိုင်ငံခြားကို ထွက်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

သားအကြီးဆုံးရဲ့ ဝန်ထုပ်ဝန်ပိုး

ခွန်အောင်နိုင်ရဲ့ မိသားစုမှာ ၁၁ ယောက်ရှိပြီး သူက သားအကြီးဆုံးပါ။ ကျောင်းတက်နေတဲ့ ညီငယ်၊ ညီမငယ်တွေ ဆက်တက်နိုင်ဖို့နဲ့ စီးပွားရေး မပြေလည်တဲ့ မိဘနှစ်ပါးကို ကူညီဖို့အတွက် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်မယ်လို့ သူက ပြောပါတယ်။

သူဟာ ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ စာသင်ဆရာအဖြစ် စာသင်ခဲ့ရပြီး နှစ်နှစ်ကျော်အတွင်း ကျောင်း ၂ ကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လစဉ်ရတဲ့လစာက ၁ သိန်းကနေ ၂ သိန်းဝန်းကျင်ပါ။ ဒါပေမဲ့ ဒီးမော့ဆို အနောက်ခြမ်းမှာ ဆန်တစ်အိတ်ကိုတောင် အနည်းဆုံး ၈ သောင်းခွဲ ဈေးရှိနေတာကို နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုမှ မလုံလောက်နိုင်တာ အမှန်ပါပဲ။

အားလပ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေများမှာ ဆရာအောင်နိုင်ဟာ စာသင်ကြားနေရင်းနဲ့လည်း မိသားစုအတွက် ပြင်ပအလုပ်ကို လုပ်ခဲ့ရပါသေးတယ်။

“ဘယ်လိုရုန်းကန်ရလဲဆိုတော့ တနင်္လာကနေ သောကြာနေ့ထိက စာသင်တယ်။ ပြီးတော့ စနေ၊ တနင်္ဂနွေဆို ပြင်ပအလုပ်ကို ကြိုးစားလုပ်နေရတယ်။ အဲ့တာက ကျနော်တို့ကို ပိုပြီး ပင်ပန်းစေတယ်ပေါ့”။

ထိုင်းနိုင်ငံကို ထွက်ခွာသွားသူ ၅၀ ကျော်

ဆရာအောင်နိုင်ရဲ့ ဖြစ်ရပ်ဟာ တစ်ဦးတည်းသော ဖြစ်ရပ် မဟုတ်ပါဘူး။ ကရင်နီပြည်အတွင်းက လူငယ်တွေ၊ ပညာရေးနဲ့ တော်လှန်ရေးမှာ ပါဝင်နေသူတွေဟာလည်း စီးပွားရေး အခက်အခဲကြောင့် နေ့စဉ်နဲ့အမျှ နိုင်ငံရပ်ခြားကို ထွက်ခွာနေကြရပါတယ်။

ထိုင်းနိုင်ငံမှာဆိုရင် ကရင်နီလူငယ်တွေက သူတို့လုပ်ချင်တာကို ရွေးချယ်ပြီး လုပ်ရတာမျိုး မဟုတ်ပါဘူး။ထိုင်းဥပဒေက ခွင့်ပြုထားတဲ့၊ ထိုင်းနိုင်ငံသားတွေ မလုပ်နိုင်တဲ့ (ဒါမှမဟုတ် မလုပ်ချင်တဲ့) အလုပ်ကြမ်းတွေကိုပဲ လုပ်ကိုင်နေကြရတာပါ။

“ကြုံရာကျပမ်းအလုပ်ပဲ လုပ်ဖြစ်မယ်။ ကရင်နီမှာလိုတော့ စာသင်ရမှာ မဟုတ်ဘူး။ သူများနိုင်ငံမှာ ကြုံရာကျပမ်းဆိုပေမဲ့လည်း ပိုက်ဆံတော့ ရတာပဲလေ။မိသားစုအတွက် ဝမ်းရေးဖူလှုံရင် ရပြီ”

အဲဒီလို အခြေခံလုပ်သားအနေနဲ့ ထိုင်းကို သွားရောက်အလုပ်လုပ်ဖို့ ဆန္ဒရှိနေကြတဲ့ ကရင်နီလူငယ်တွေလည်း ထောင်နဲ့ချီရှိနေတယ်လို့ ခိုင်မာတဲ့ သတင်းအရင်းအမြစ်များထံက သိရပါတယ်။

ကရင်နီ၊ မယ်စဲ့မြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးအဖွဲ့က ပြောထားတာအရဆိုရင် နေ့စဉ် ကရင်နီလူငယ် ၅၀ ကျော်ဟာ တစ်ရက်တည်းမှာ ထိုင်းနိုင်ငံကို ထွက်ခွာသွားကြပါတယ်။ အဲ့ဒီထဲမှာ CDM ကျောင်းဆရာ၊ ရဲဘော်၊ စစ်ရှောင်လူငယ်များ ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိ ကရင်နီပြည်မှာ ငွေကြေးဖောင်းပွမှုကြောင့် ကျောင်းဆရာ/မများ အပါအဝင် လူငယ်အများအပြားဟာ မိသားစု ထမင်းရှင်ကို ရှာဖွေဖို့အတွက် နိုင်ငံခြားသို့ ထွက်၍ အလုပ်လုပ်ကိုင်နေရဆဲ ဖြစ်ပါတယ်။

ကရင်နီပြည် ပညာရေး ထောက်ပံ့မှုရဲ့ မညီမျှမှု

ကရင်နီပြည်ရဲ့ ပညာရေးကဏ္ဍကို စီမံခန့်ခွဲတဲ့ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ပညာရေးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ကျောင်းသား/ဆရာ အင်အား (၂၀၂၅-၂၆): ကရင်နီပြည်မှာ အခြေခံပညာရေးကျောင်းပေါင်း ၄၇၀၊ ကျောင်းသား/သူပေါင်း ၅၇,၅၈၀ ရှိပြီး IEC နဲ့ Seh Theh Foundation (STF) တို့က ထောက်ပံ့ပေးတဲ့ ဆရာ/မ ၄,၆၁၉ ဦး ရှိပါတယ်။

လစာ ကွာဟမှု: ကျောင်းများအလိုက် မတူညီတဲ့ ထောက်ပံ့မှုတွေ ရရှိနေတာကြောင့် ဆရာ/မ များရဲ့ လစာဟာလည်း မတူညီကြပါဘူး။

ဖရူဆိုမြို့နယ်က ဆရာမ ခရစ္စတင်းထွေးဆိုရင် ထောက်ပံ့တဲ့ အဖွဲ့အစည်းပေါင်းစုံ (SCICCE၊ ကယောစာပေ၊ ဆယ်တဲ၊ ဂရုဏာ၊ ကျောင်းကလေး လစဉ်ကြေး) က ရတဲ့ဟာတွေ အားလုံးပေါင်းမှ ၃ သိန်းကျော် ရပါတယ်။ ဒါတောင် ပုံမှန် မရရှိရင် အခက်အခဲ ရှိသလို၊ အချို့ ပရောဂျက်တွေ ကုန်ဆုံးမှာကိုလည်း စိုးရိမ်နေရပါတယ်။မယ်စဲ့မြို့နယ်က ဆရာ/မ တစ်ဦးဆိုရင် လစာ ၂ သိန်းကျော် ခန့်သာ ရရှိနေပါတယ်။

KSCC/IEC ရဲ့ အခန်းကဏ္ဍ: ကရင်နီပြည်အတိုင်ပင်ကောင်စီ (KSCC) အလုပ်အမှုဆောင် ကိုပက်ထရစ်ကတော့ လက်ရှိ ထောက်ပံ့မှုတွေ ရရှိနေတာဟာ KSCC/IEC က နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ် ပံ့ပိုးပေးဖို့ စကားပြောပေးလို့ ရတာတွေ များတယ်လို့ ရှင်းပြပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ KSCC/IEC ကို တိုက်ရိုက်ပေးလို့ မရတဲ့ အလှူရှင်များဟာ Seh Theh Foundation လို ကြားခံအဖွဲ့အစည်းတွေ ကနေ တစ်ဆင့် ဝင်ရောက်ထောက်ပံ့ပေးနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေး ပညာရေးကို မြေတောင်မြှောက်ပေးဖို့ တောင်းဆိုချက်

လွိုင်ကော်ကနေ မယ်စဲ့ကို စစ်ရှောင်လာပြီး ကျောင်းအုပ်ဆရာမအဖြစ် စာသင်ကြားနေတဲ့ အသက် ၅၄ နှစ်ရှိ ဒေါ်ဆွေဖီ (CDM ဆရာမ) ရဲ့ စကားကတော့ လက်ရှိ ပညာရေး အရေးကြီးမှုကို အခုလို ထောက်ပြနေပါတယ်။

“ပညာရေးဟာ ခေတ်စနစ်တွေ ပြောင်းလဲပြီး တော်လှန်ရေးမှာ အရေးကြီးတယ်” လို့ သူက ယုံကြည်ပါတယ်။

ဒေါ်ဖီဆွေဟာ စာသင်သက် ဆယ်စုနှစ်ရှိပြီး ဝါရင့်ဆရာမကြီး တစ်ဦးပါ။ဒါကြောင့်လည်း တာဝန်ရှိသူတွေကို သူက တောင်းဆိုလိုက်ပါတယ်။

“တာဝန်ရှိတဲ့သူတွေအနေနဲ့ ပညာရေးက အရေးကြီးတယ်လို့ ပါးစပ်ကနေ ပြောနေတာမဟုတ်ဘဲ လက်တွေ့ ကွင်းဆင်းပါ။ မြေတောင်မြှင့်တင်ပေးဖို့လိုတယ်။ ပံ့ပိုးပေးစရာရှိလည်း ပံ့ပိုးပေါ့နော်”။

မိသားစု ထမင်း ဝဝလင်လင် စားသောက်နိုင်ဖို့နဲ့ ဘဝရပ်တည်ရေးအတွက် ကိုယ့်ရဲ့ အိပ်မက်၊ ကိုယ့်ရဲ့ ဝါသနာ စာသင်ကြားတဲ့ အလုပ်ကို စွန့်လွှတ်နေရတဲ့ ဆရာ/မ တွေဟာ ကရင်နီပြည် ပညာရေးရဲ့ မရေရာတဲ့ အနာဂတ်ကို ပုံရိပ်ထင်ဟပ် ပြသနေပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top