လှောင်အိမ်ထဲက ငှက်များ

image for text news

ဆရာခို၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄
Presented by Border Echo

လူငယ်ဘဝသည် ပျံသန်းရမည့်အချိန် ဖြစ်သော်လည်း စိုးရိမ်ပူပန်မှုများဖြင့် တည်ဆောက်ထားသော လှောင်အိမ်ထဲတွင် ပိတ်မိနေရ၏။ ကျွန်တော်တို့လက်တွေ့ဘဝသည် လူကြီးများထံမှ  ကြားဖူးသောစကားအချို့ရှိပါသည်။  

“တစ်ဦးတည်းသော သား/ သမီးမို့ စိတ်မချဘူး။ အပြင်သိပ်မသွားနဲ့” ပိုထိန်းချုပ်ခံရတတ်”
”သမီးက မိန်းကလေး ဖြစ်ပြီး ညဘက်ကြီး အပြင်သွားမလို့လား။ အိမ်မှာပဲနေပါ” 
“ယောက်ျားလေးတစ်ရုံးရုံးနဲ့ အပြင်သွားဖို့ လာမပြောနဲ့သွားဖို့လည်းမစဥ်းစားနဲ့” 
“ဘယ်သူတွေနဲ့ သွားမှာလဲ။ အချိန်ကို အတိအကျပြော” 
 “အပြင်သွားမယ်ဆိုလည်း ငါ့တို့စိတ်ချတဲ့ သူငယ်ချင်းတွေနဲ့ပဲ သွား”

ခေတ်ကာလတွေပြောင်းလဲလာတာနှင့်အမျှ လူကြီးနှင့် ကျွန်တော်တို့လူငယ်တွေကြား ဆက်ဆံရေးတွေမှာ ယုံကြည်မှုနှင့် နားလည်မှုကင်းမဲ့လာကြ၏။ လူကြီးတွေ၏ တင်းကျပ်သော စည်းမျဉ်းများ၊ လွတ်လပ်ခွင့် ကန့်သတ်ချက်များနှင့် ဝါသနာကို ထိန်းချုပ်မှုများကြောင့် ကျွန်တော်တို့လူငယ်တွေဟာ ကိုယ်ဘဝကို မိမိကိုယ်တိုင် ပိုင်ဆိုင်ခွင့်မရဘဲ “လှောင်အိမ်ထဲက ငှက်များ” သဖွယ် လှောင်ပိတ်ခံထားရသည်ဟု ခံစားနေရ၏။

ပို၍စိတ်ပျက်စရာကောင်းသည်မှာ လူကြီးများဟာ သူတို့ကိုယ်တိုင်ပင် ထိုစည်းမျဉ်းများကို လိုက်နာခဲ့ခြင်း မရှိဘဲ “နှစ်ထပ်ကွမ်း စံနှုန်း” ဖြင့် ဆက်ဆံနေခြင်းပင်ဖြစ်သည်။လူကြီးတွေဟာသူတို့ကိုယ်တိုင် လူငယ်ဘဝတုန်းက ထိုစည်းမျဉ်းများကိုမလိုက်နာခဲ့ဘဲ ယခုမှ ပြန်လည် ချမှတ်တာဟာလူကြီးနဲ့လူငယ်ကြားက ပြဿနာတခုပင်။

လူကြီးတွေဟာ အတိတ်ကလုပ်ရပ်များ၏အမှားများကို ဝန်ခံခြင်း၊ အပြစ်တင်ခြင်း မဟုတ်ဘဲ သင်ခန်းစာပေးခြင်း မရှိ ပြောင်းလဲခြင်းနှင့် ခေတ်ကာလကို နားလည်ပေးခြင်း နည်းပါးသောကြောင့်ထိုကိစ္စများကိုဖြေရှင်းရသည်မှာလည် လူငယ်တွေအများဆုံးရင်ဆို င်နေရတဲ့ပြဿနာတခု​ဖြစ်နေ၏။

အဓိကအကြောင်းရင်းမှာ အပြန်အလှန် လေးစားမှုဖြင့် နားမထောင်ခြင်း ဖြစ်သည်။လူကြီးတွေ၏ မိမိတို့၏ အတွေ့အကြုံနှင့် အစဉ်အလာများကို စံနမူနာထားကာ လူငယ်များ၏ အတွေးအခေါ်များကို ခေတ်နောက်ကျသည်ဟု တွေးမြင်တတ်ကြသည်။စကားပြောဆိုရာ​တွင်လည်း ဆုံးမသြဝါဒ ပေးသည့်ပုံစံ၊ အမိန့်ပေးသည့် ပုံစံဖြင့်သာ ချဉ်းကပ်သောကြောင့် လူငယ်တွေဘက်မှ အာရုံစိုက်လိုစိတ်နားထောင်လိုစိတ် ပျောက်ဆုံးသွား၏။ 

လူငယ်တွေရဲ့တုန့်ပြန်မှု့ဟာလည်း လူကြီးတွေ၏ အမြင်ကို ချက်ချင်းလက်ငင်း ဝေဖန်ပစ်တင်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းအားဖြင့် တုံ့ပြန်ကြသည်။ နွေးထွေးသော ဆွေးနွေးမှု ပုံစံဖြင့် မဟုတ်ဘဲ အတိုက်အခံ ပြုလုပ်ကာ ဆက်ဆံရေး တိုးတက်မှုကို ဟန့်တားစေ၏။ထိုကြောင့်လူငယ်တွေရဲ့စကားကို ဆုံးအောင်နားထောင်ပေးပါ။

ထိုအပြင် ကျွန်တော်တို့လူငယ်တွေ၏ လွတ်လပ်ခွင့်နှင့် ဝါသနာ ထိန်းချုပ်ခံရခြင်း အပြင်ထွက်ခွင့် ကန့်သတ်ခံရခြင်းနှင့် ဝါသနာကို ထိန်းချုပ်ခံရခြင်းတို့သည် မိဘများ၏ စိုးရိမ်ပူပန်မှု မှ စတင်တတ်သည်။မိဘများသည် ဝင်ငွေမရနိုင်၊ အနာဂတ်မရေရာဟုပြောကာ ဂီတ၊ အနုပညာ စသည့် ဝါသနာများကို ပယ်ချပြီး လုံခြုံစိတ်ချရသောထိန်းချုပ်မှုများထဲတွင် အဆိုးဆုံးမှာ ကျွန်တော်တို့လူငယ်တို့၏ ဝါသနာနှင့် စိတ်အားထက်သန်မှုနဲ့လွတ်လပ်မှု့ကိုကန့်သတ်ပိတ်ပင်ထားခြင်း ပင်ဖြစ်သည်။

မိဘအများစုသည် မိမိတို့၏ သားသမီးများကို “ကောင်းသော အလုပ်အကိုင်” ရရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ဂီတ၊ အနုပညာ၊ အားကစား စသည့် “အာမခံချက်မရှိသော” ဝါသနာများကို ပယ်ချပြီး အကြားရဆုံး စကားဖြစ်သော ဆရာဝန်၊ အင်ဂျင်နီယာ စသည့် “လုံခြုံစိတ်ချရသော”သေခြာသည့်ပညာရပ်များကိုသာ ဦးတည်စေသည်။လုပ်နိုင်မလုပ်နိုင်သည်ကိုမသိပဲ သူတို့ ဖြစ်စေချင်တာကိုပဲ ဦးတည်၏။ 

၎င်းသည် ကျွန်တော်တို့လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ချိုးနှိမ်ခြင်းဖြစ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့် (Autonomy) ကို ဆုံးရှုံးစေသည်။ လူကြီးတွေ၏ သူတို့ကိုယ်တိုင် လူငယ်ဘဝတုန်းကလို ထိုစည်းမျဉ်းများကို အပြည့်အဝ လိုက်နာခဲ့ခြင်း မရှိဟု ယုံကြည်နေခြင်းကြောင့်ဖြစ်သည်။ 

ဤ “နှစ်ထပ်ကွမ်း စံနှုန်း” ကို လူကြီးတွေဘက်က ဖြေရှင်းပေးရန် လိုအပ်သည်။ လူကြီးတွေ၏ အတိတ်က အမှားများ သို့မဟုတ် ချိုးဖောက်ခဲ့မှုများကို ဝန်ခံခြင်းဖြင့် လူငယ်များနှင့် ပိုမိုနီးစပ်သော ဆက်ဆံရေး တည်ဆောက်နိုင်သည်။ မိမိတို့၏ အတွေ့အကြုံများကို အပြစ်တင်ခြင်း မဟုတ်ဘဲ သင်ခန်းစာပေးခြင်း အဖြစ် ပြောင်းလဲပြောပြသင့်သည်။ 

လူကြီးတွေ ဖြတ်သန်းခဲ့သော ခေတ်ကာလ စံနှုန်းများကို အားမကိုးဘဲ၊ နည်းပညာဖွံ့ဖြိုးပြီး ပြောင်းလဲနေသော ယခုခေတ် လူငယ်တွေ၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို နားလည်ပေးရန် ကြိုးစားရပါမည်။ ထိုပြဿနာကိုကျော်လွှားရန် နည်းလမ်းများကို လူကြီးနှင့် လူငယ်တွေဟာလည်း အပြန်အလှန် တံတားထိုးနိုင်ပေသည်။ 

အမိန့်ပေး၊ ဆုံးမသည့်ပုံစံထက် အကြံဉာဏ် ဖလှယ်သည့် လူကြီးတွေ၏ပုံစံကို ပြောင်းလဲဖို့ကြိုးစားပါ။ ကျွန်တော်တို့လူငယ်တွေဘက်ကလည်း လေးစားမှုရှိသော လေသံဖြင့် ကျွန်တော်တို့အမြင်နှင့် လိုအပ်ချက်ကို တင်ပြရပါမည်။ လွတ်လပ်ခွင့်ရလိုသောလူငယ်တွေဟာလည်း မိဘများ စိုးရိမ်ပူပန်မှုမရှိစေရန် တာဝန်ယူမှုကို အလေးထားပြသရပါမည်။ ကတိပေးပြောဆိုထားသော အချိန်အားလိုက်နာခြင်း၊ အဓိကတာဝန်များကို ကျေပွန်ခြင်းဖြင့် ယုံကြည်မှုကို ရယူပါ။ 

ကျွန်တော်တို့၏ ဝါသနာကို အပျော်သက်သက် မဟုတ်ဘဲ အနာဂတ် အလုပ်အကိုင်ကျွန်တော်တို့၏ အိမ်မက်များဖြစ်လာနိုင်ကြောင်း ဝင်ငွေရနိုင်သည့်အလားအလာများ ဖြင့် စနစ်တကျ ရှင်းပြရမည်။  လူကြီးတွေ စိတ်ကျေနပ်မည့် တာဝန်တစ်ခုကို အရင်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက်မှ မိမိလိုချင်သော လွတ်လပ်ခွင့် သို့မဟုတ် ဝါသနာအတွက် အချိန်ကို ပြန်လည်တောင်းဆိုညှိနှိုင်းဖို့ကိုကြိုးစားပါ။ လှောင်အိမ်ထဲက ငှက်တွေဟာ တောင်ပံခတ်နိုင်စွမ်းရှိသော်လည်း ပျံသန်းခွင့်မရသောအခါ အားအင်များ ဆုတ်ယုတ်လာသည်။ လူငယ်တွေဟာလည်း ထိုနည်းတူစွာပင်။ 

စစ်မှန်သော လွတ်လပ်ခွင့်နှင့် မိမိဝါသနာကို ထုတ်ဖော်ခွင့်ရမှသာ လူငယ်များသည် မိမိ၏ တန်ဖိုးကိုအပြည့်အဝထုတ်ဖော်နိုင်မည်ဖြစ်ပြီးမိသားစုနှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသော ရလဒ်ကောင်းများ ကို ပြန်လည်ယူဆောင်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိဘများအနေဖြင့် သားသမီးများကို ချစ်ခြင်းမေတ္တာဖြင့် စောင့်ကြည့်ရင်း ပျံသန်းခွင့်ပေးဖို့ အရေးကြီးလှပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top