လူ့အခွင့်အရေးကို တန်ဖိုးထားကာကွယ်ခြင်းမှသည် ငြိမ်းချမ်းသာယာသော အနာဂါတ်ဆီသို့

image for text news

SKY၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄
Presented by Border Echo

လူ့အခွင့်အ‌ရေးဆိုသည်မှာ လူသားတိုင်းမွေးဖွားလာသည့်အချိန်မှစ၍ တန်းတူညီမျှရရှိသင့်သော အခြေခံအခွင့်အရေးများကို ဆိုလိုခြင်းဖြစ်သည်။ ထိုအခွင့်အရေးများတွင် လွတ်လပ်စွာအသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာနေထိုင်ခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ ညီမျှသောတရားဥပဒေရရှိခွင့် စသည့် လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအခွင့်အရေးများလည်းပါဝင်သည်။

လူ့အခွင့်အရေးကိုတောင်းဆိုသောလှုပ်ရှားမှုများသည် ၁၉၇၀ပြည့်နှစ်ကျော်ကာလများမှ စတင်ကြီးထွား လာခဲ့ပြီး ထိုလှုပ်ရှားမှုများကို အမေရိကန်ပြည်ထောင်စုနှင့် လက်တင်အမေရိကမှ အဓိကကူညီပံ့ပိုးပြီး အထူး သဖြင့် ဥရောပအ‌ရှေ့ပိုင်းနှင့်အနောက်ပိုင်းရှိ ယခင်ဆိုရှယ်လစ်တို့မှဖြစ်သည်။ထို့အပြင် ဒုတိယကမ္ဘာစစ်၏ရက်စက် ကြမ်းကြုပ်မှုများကို တစ်စိတ်တစ်ဒေသ တုံ့ပြန်သည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာ စာတမ်း(UDHR)သည် ကမ္ဘာ့ဒေသအသီးသီးမှ ကွဲပြားသော တရားဥပဒေနှင့် ယဥ်ကျေးမှု နောက်ခံရှိသော ကိုယ်စားလှယ်များမှရေးဆွဲထားပြီး ၁၉၄၈ခုနှစ်၊ ဒီဇင်ဘာ ၁၀ရက် နေ့တွင် ပါရီမြို့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှ အတည်ပြုခဲ့သော ချုပ်နှောင်မှုမရှိသည့် ကြေငြာစာတမ်းတစ်ခု ဖြစ်သည်။

“လူသားမျိုးနွယ် မိသားစုဝင်များအားလုံး၏ ရှိရင်းစွဲဂုဏ်သိက္ခာနှင် သာတူညီမျှရှိသော သဘာဝတရား နှင့် ဥပဒေဆိုင်ရာအခွင့် အရေးတို့သည် ကမ္ဘာကြီးပေါ်တွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့်ငြိမ်းချမ်းရေးတို့၏အခြေခံအုပ်မြစ်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်း” ဟူ၍ ၁၉၄၈ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာ စာတမ်း၏ နိဒါန်းအနေဖြင့် တွေ့ရသည်။

လူ့အခွင့်အရေးချိုးဖောက်မှုဆိုသည်မှာ လူတစ်ဦး၏အခြေခံအခွင့်အရေးများ၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် များကို အစိုးရ၊ လက်နက်ကိုင်အဖွဲ့အစည်းများ (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က မတရားလုယူခြင်း၊ ပိတ်ပင်တားဆီးခြင်း၊ ထိခိုက်စေခြင်း စသည့်ချိုးဖောက်မှုများဖြစ်သည်။ ယင်းချိုးဖောက်မှုများတွင် မတရား ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဥ်းပန်းခြင်း၊ သက်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လွတ်လပ်စွာပြောဆိုခွင့် ပိတ်ပင်ခြင်း၊ ပညာသင်ယူခွင့်ပိတ်ပင်တားဆီးခြင်း၊ မျှတသောတရားဥပဒေမရရှိခြင်း စသည့်အမျိုးမျိုးသော ချိုးဖောက်မှုများပါဝင်ပါသည်။ ယနေ့မျက်မှောက်ကာလ လူ့အခွင့်အရေးချိုးဖောက်မှုမျာမှာ ကမ္ဘာပေါ်ရှိနိုင်ငံ အများအပြားတွင် ပုံစံမျိုးစုံဖြင့်ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

အနာဂတ်ကာလတွင်လူ့အခွင့်အရေးချိုးဖောက်မှုများ မဖြစ်ပေါ်စေရန် အောက်ပါအချက်များလုပ်ဆောင်သင့်သည်။

၁။ ယခုအချိန်ကာလမှစ၍ လူ့အခွင့်အရေးနှင့်သက်ဆိုင်သော အသိပညာပေးခြင်းဆိုင်ရာလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ရမည်။
လူထု၊ ကျောင်းသားများနှင့် အဖွဲ့အစည်းများကို အနည်းငယ်စီမှစတင်ပြီး လက်တွေ့ကျကျလိုအပ်သော သင်တန်းများ၊ ဆွေးနွှေးပွဲများနှင့် သဘောတရားအခြေပြုလေ့လာမှုများ ပြုလုပ်ခြင်းဖြင့် လူ့အခွင့်အရေး၏ ကြီးမားသည့် တန်ဖိုးများ၊ တာဝန်များအပေါ် နားလည်မှု တိုးလာစေမည်ဖြစ်သည်။

၂။ စည်းနှောင်အားကောင်းမွန်သော တရားဥပဒေစနစ်ကိုပြန်လည်တည်ဆောက်ရမည်။ လူ့အခွင့်အရေးချိုး‌ဖောက်မှုများကို အဓိကကာကွယ်ပေးနိုင်သောအရာမှာ မျှတပြီး၊ စည်းနှောင်အား ကောင်းမွန်သော ဥပဒေများ‌ဖြစ်ပေသည်။ ထိုဥပဒေများသည် လူတိုင်းအတွက် တန်းတူညီမျှပြီး အားလုံး၏ အခွင့်အရေးနှင့်သက်ဆိုင်ရာလုံခြုံမှုများကိုကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ထဲထဲဝင်ဝင် ပြုစုထားသော ဥပဒေများရှိခြင်းက တရားစီရင်ရေးစနစ်ကို ခိုင်မာစေသလို လူ့အခွင့်အရေးချိုးဖောက်သူများ အပေါ်တွင်လည်း အလျှင်အမြန်သက်ရောက်မှုရှိစေနိုင်မည်ဖြစ်သည်။ သို့မှသာ မျှတပြီးလွတ်လပ်သော၊ ခိုင်မာသည့်ဥပဒေစနစ်က လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိရောက်စွာကာကွယ်ပေးနိုင်ပြီး၊ လျှော့ချ ပေးနိုင်မည်ဖြစ်သည်။

၃။ ကောင်းမွန်မှန်ကန်သောအုပ်ချုပ်ရေးယန္တရားတည်ဆောက်ရမည်။ လူ့အခွင့်အရေးကိုထိထိရောက်ရောက်ကာကွယ်ရန် ဘက်မလိုက်ဘဲတိကျမှန်ကန်သော အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ခြင်းသည်လည်း အလွန်အရေးကြီးပေသည်။ထိုအုပ်ချုပ်ရေးစနစ်သည် ပွင့်လင်းမြင်သာမှု ရှိပြီး ဆုံးဖြတ်ချက်တိုင်းသည်မှန်ကန်တိကျသောတရားဥပဒေဖြင့် တရားမျှတမှုကို အခြေပြုရမည်ဖြစ်သည်။ စနစ်ကျပြီးကောင်းမွန်မှန်ကန်သော အစိုးရဌာနများ၏ လုပ်ကိုင်ပုံ၊ သုံးစွဲထားသည့် အရင်းအမြစ်များ၊ ပြည်သူ များ၏ တုံ့ပြန်ပုံများကို ထိရောက်စွာစီမံနိုင်မှသာ လူ့အခွင့်အရေးချိုးဖောက်မှုများလျော့နည်း၊ ပပျောက်သွားမည် ဖြစ်သည်။

၄။ ပြည်သူလူထုအပေါ် နည်းမှန်၊လမ်းမှန်ဖြင့် အုပ်ချုပ်နိုင်သော ခေါင်းဆောင်များခန့်အပ်ရမည်။ လူ့အခွင့်အရေးချိုးဖောက်မှုကို အောင်မြင်စွာကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုအပေါ် နည်းမှန်၊ လမ်းမှန်ဖြင့် အုပ်ချုပ်နိုင်သော ခေါင်းဆောင်ကောင်းများကို ခန့်အပ်ခြင်းသည်လည်း အလွန်အရေးကြီးသော အချက်ဖြစ်သည်။ထိုခေါင်းဆောင်များသည် တာဝန်ခံမှုရှိပြီး မှန်ကန်သောဆုံးဖြတ်ချက်များချမှတ်နိုင်ရမည်၊ ပြည်သူလူထု၏ အခွင့်အရေးနှင့် အကျိုးစီးပွားကိုသာ ရှေးရှုပြီး ညှိနှိုင်းစီမံနိုင်ရမည်။ အမျိုးမျိုးသောအုပ်ချုပ်မှု အဆင့်များတွင် ဦးဆောင်နိုင်သော ခေါင်းဆောင်ကောင်းများရှိခြင်းသည်လည်း လူ့အခွင့်အရေးချိုးဖောက်မှုကို လျော့နည်းစေလိမ့်မည်ဖြစ်သည်။

၅။ မိမိလုပ်ရပ်ကြောင့်လူ့အခွင့်အရေးချိုးဖောက်မှုများမဖြစ်စေရန် သတိထားဆင်ခြင်ရမည်။ အစိုးရ၊ အဖွဲ့အစည်းများနှင့်ပြည်သူတိုင်းက မိမိတို့၏အချို့လုပ်ဆောင်ချက်များ၊ ဆုံးဖြတ်ချက်များသည် လူ့အခြေခံအခွင့်အရေးများကို ထိခိုက်စေနိုင်ကြောင်းနားလည်ထားပြီး တာဝန်ရှိစွာဖြင့် သတိပြု၍လုပ်ဆောင် ရမည်ဖြစ်သည်။ သတိထားဆင်ခြင်မှုဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှောင်ရှားနိုင်ရုံသာမက တရားမျှတ မှုနှင့်လူမှုစည်းမျဥ်း၊စည်းကမ်းများ တည်ငြိမ်မှုကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

၆။ ချိုးဖောက်မှုများဖြစ်ပေါ်လာပါက ကျောသား၊ရင်သား မခွဲခြားဘဲ တရားဥပ‌ဒေအတိုင်းဆောင်ရွက်ရမည်။ သာမန်လူအချင်းချင်းသာမက မည့်သည့်အာဏာရှင်၊ ခေါင်းဆောင်မဆို တရားမျှတစွာ စစ်ဆေးဆောင် ရွက်ရမည်။ ဥပဒေကို တိကျစွာ အကောင်အထည်ဖော်ခြင်းဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မဖြစ်ပွား စေဘဲ လူမှုစည်းမျည်း၊စည်းကမ်းများကို အားကောင်းစေမည်ဖြစ်သည်။

၇။ လူ့အခွင့်အရေးချိုးဖောက်မှုများသည် ရာဇဝတ်မှုများနှင့်ပါ ဆက်စပ်နေသည့်အတွက်သက်ဆိုင်ရာတာဝန်ရှိသူ များသည် ရာဇဝတ်မှုများကိုပါ နည်းမှန်၊လမ်းမှန်ဖြင့် ကိုင်တွယ်ဖြေရှင်းရမည်။ ဥပဒေကျင့်သုံးမှုသည် တရားမျှတမှုရှိရမည်ဖြစ်ပြီး အရပ်သား၊ မည်သည့်အာဏာရှင်၊ခေါင်းဆောင်မဆို ထိုသူများ၏ ရာဇဝတ်မှုများကိုပါ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။

၈။ အပြစ်ဟုယူဆ၍မရသောအကြောင်းအရာများကို အပြစ်သဖွယ်ပြုလုပ်၍ အဓမ္မ စွပ်စွဲအပြစ်ပေးခြင်းများ၊ ညှင်းပန်းနှိပ်စက်ခြင်းများမပြုလုပ်ရပါ။ တရားမျှတမှုနှင့် လူမှုတည်ငြိမ်မှုကို ထိန်းသိမ်းရန် အမှားအယွင်းမရှိသည့်အခြေအနေများတွင်သာ အရေးယူရမည်ဖြစ်ပြီး၊ မမှန်ကန်သောအပြစ်စွပ်စွဲချက်များသည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စည်းမျဥ်း ဥပဒေများကို ထိခိုက်စေနိုင်ပါသည်။

၉။ လူ့အခွင့်အရေးကိုကာကွယ်ရန်ကျူးလွန်သူ၊အပြစ်ရှိသူများကိုသာ ထိုက်သင့်သောအပြစ်ပေးရမည်ဖြစ်သည်။ မမှန်မကန် (သို့မဟုတ်) မသက်ဆိုင်သောသူများကို အပြစ်ပေးခြင်းက လူ့အခွင့်အရေးချိုးဖောက်မှုကို ဖြစ်စေပြီး တရားဥပဒေကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ဥပဒေကျင့်သုံးရာတွင် သက်ဆိုင်သည့်သူနှင့် အမှန်တစ်ကယ် ဖြစ်ရပ်များကိုသာ အခြေခံ၍ဆောင်ရွက်ရမည်ဖြစ်သည်။

၁၀။ မီဒီယာသည် လူ့အခွင့်အရေးချိုးဖောက်မှုကို ကာကွယ်နိုင်သည့် အရေးပါသောလက်နက်ဖြစ်သကဲ့သို့၊ မမှန်ကန်စွာဖော်ပြပါက ထိခိုက်နစ်နာသူအား ထပ်တလဲလဲပို၍ ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့်မီဒီယာအနေဖြင့် ထိခိုက်သူကိုထပ်မံနာကျင်စေမည့် Victim Blaming မပြုလုပ်ရပါ။ ထိခိုက် ခံရသူ၏ မျက်နှာ၊ အမည်နှင့် ကိုယ်ရေးအချက်အလက်များကို မဖော်ပြမိစေရန် သတိပြုရမည်ဖြစ်သည်။ ဖြစ်ရပ်မှန်ကို တိကျမှန်ကန်စွာဖြင့် တာဝန်ရှိစွာ၊လူ့အခွင့်အရေးနှင့်ကိုက်ညီမှုရှိစွာ ဖော်ပြရမည်ဖြစ်သည်။

၁၁။ လူ့အခွင့်အရေးချိုးဖောက်မှုများကိုကာကွယ်တာဆီးရန်နှင့်လျော့နည်းစေရန် အစိုးရ၏အခန်းကဏ္ဍနှင့်အတူ NGOsများ၏အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးသည်။
NGOsများသည်ပြည်သူလူထုနှင့်နီးကပ်စွာ လက်တွေ့လုပ်ဆောင်နိုင်‌သော အဖွဲ့အစည်းများဖြစ်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်၊ မှတ်တမ်းတင်၊ ကူညီကာကွယ်ပေးနိုင်သည့် အခြေခံဆောင်ရွက် မှုများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ထို့ကြောင့် ယင်းကဲ့သို့သောအဖွဲ့အစည်းများနှင့် အတူလက်တွဲလုပ်ဆောင် ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများအား ထိရောက်စွာ တားဆီးနိုင်မည်ဖြစ်သည်။

၁၂။ ပြည်သူလူထုတစ်ရပ်လုံးက မျက်စိမှိတ်မနေပဲ မတရားမှုတွေ့မြင်ပါက တာဝန်ရှိသူများသို့ သတင်းပေး တိုင်ကြားမှသာ လူ့အခွင့်အရေးချိုးဖောက်မှုများကို လျှင်မြန်စွာ မှတ်တမ်းတင် ကိုင်တွယ်၊ဖြေရှင်းနိုင်မည်ဖြစ်ပြီး လျော့နည်းပပျောက်သွားမည်ဖြစ်သည်။

၁၃။ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် ပြည့်စုံသောထောက်ပံ့ရေးနည်းလမ်းများလည်းလိုအပ်သည်။ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှု၊ ကျန်းမာရေးဆိုင်ရာထောက်ပံ့မှု၊ ဥပဒေရေးရာထောက်ပံ့မှု၊ ၄င်းတို့၏လုံခြုံ ရေးဆိုင်ရာ အကာအကွယ်ပေးရေး၊ စီးပွားရေးနှင့် လူမှုဘဝပြန်လည်ထူထောင်ရေး စသည့်ထောက်ပံ့ရေး လုပ်ငန်းစဥ်များကို အစိုးရ၊ NGOsများနှင့် ပြည်သူလူထုတစ်ရပ်လုံးက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက် ရမည်ဖြစ်သည်။

“အနာဂတ်ကာလတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ မဖြစ်ပွားစေရန်” ဆိုသည်မှာ လူတစ်ဦးတစ် ယောက်တည်း၏ တာဝန်မဟုတ်ဘဲ လူ့အသိုင်းအဝိုင်းတစ်ခုလုံး၏ တာဝန်ပင်ဖြစ်ပေသည်။ လူ့အခွင့်အရေးနှင့် သက်ဆိုင်သောအသိပညာများဖြန့်ဝေခြင်း၊ ပညာရေးအားကောင်းစေခြင်း၊ ဥပဒေစိုးမိုးမှုကိုတည်ဆောက်ခြင်း၊ ကောင်းမွန်သောလုံခြုံရေးစနစ်များဖွဲ့စည်းခြင်း၊ ပြည်သူလူထုတစ်ရပ်လုံး၏ပူးပေါင်းပါဝင်မှုနှင့် အစိုးရအဖွဲ့ အစည်းများ၊ NGOs များ၏ပူးပေါင်းဆောင်ရွက်မှုများ ကိုပါတစ်ပြိုင်နက်တည်း အရှိန်အဟုန်ဖြင့် ခိုင်မာအောင် လုပ်ဆောင်နိုင်မှသာ အနာဂါတ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကင်းစင်မည်ဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top