မဲဆောက်-မြဝတီ နေ့စဥ်ကူးတဲ့ မြန်မာနိုင်ငံသားတွေအထဲ ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) နှင့် တံတားကမ်းကူးစာအုပ် (Border Pass)  ပူးတွဲသုံးသူတွေကို ထိုင်းဘက်မှ ကြပ်မတ်စစ်ဆေးနေ

image for text news

မဲဆောက်၊ ဒီဇင်ဘာလ ၂၀

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်-မြဝတီ တံတားအဝင်အထွက်မှာ ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) နှင့် တံတားကမ်းကူးစာအုပ် (Border Pass) ကို ပူးတွဲအသုံးပြုသူတွေကို စစ်ဆေးလျှက်ရှိနေတယ်လို့ Border Echo မှ စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် ပတ်စ်ပို့နှင့် တံတားကူးစာအုပ် စာရင်းထပ်တာတွေ့ရင် အထောက်အထားတစ်ခုကိုသာ ရွေးချယ်စေပြီး နိုင်ငံကူးလက်မှတ်ကို သုံးစွဲမယ်ဆိုရင် Border Pass အတွက် ထိုင်းလဝကဒ်အဖြူကို ထပ်မထုတ်ပေးပဲ ကမ်းကူးခွင့် ၁ နှစ်အထိ ပိတ်တယ်လို့ သိရတာပါ။

တံတားမှတဆင့် မဲဆောက်-မြဝတီအဝင်အထွက် လုပ်သူအများစုဟာ ထိုင်းမှာ တရားဝင်ဗီဇာနဲ့ နေထိုင်ပေမယ့် နေ့စဥ်ဝင်ထွက်နေရတာကြောင့် တုံးကြီး (Re-entry Permit) စရိတ်စကမတများလို့ ကမ်းကူးစာအုပ်တွေကို ပူးတွဲအသုံးပြုနေကြပါတယ်။

အမှတ် (၁) ချစ်ကြည်ရေးတံတားမှတဆင့် နေ့စဥ်ကူးသန်းသွားလာနေတဲ့ မြဝတီဒေသခံတစ်ဦးကတော့ သူမျက်မြင်တွင် ပတ်စ်ပို့နှင့် တံတားကူးလက်မှတ် ပူးတွဲသုံးသူကို ထိုင်းဘက်မှ စစ်ဆေးပြီး အထောက်အထားတစ်ခုသာ ကိုင်ဆောင်ဖို့ ကြပ်မတ်ဆောင်ရွက်နေကြောင်းကို အခုလိုပြောပါတယ်။

“နေ့တိုင်းသွားနေတဲ့ အစ်မသူငယ်ချင်းပြောတာကတော့ သူ့ရှေ့မှာ ဖြစ်သွားတယ်၊ တံတားစာအုပ်ယူမလား၊ စာအုပ်အနီရွေးမလား၊ စာအုပ်အနီနဲ့ဆို စာအုပ်အနီနဲ့ပဲ အဝင်အထွက်လုပ်ဆိုပြီး ပြောတယ်။ အဲ့မှာ တံတားစာအုပ်ကို Cancel လုပ်လိုက်တယ်။ တံတားစာအုပ်ကို ၁ နှစ်အထိ ပိတ်တယ်ဆိုလားပဲ” ဟုဆိုပါတယ်။

ထိုင်းလဝက ဥပဒေအရ ထိုင်းနိုင်ငံအတွင်း နေထိုင်တဲ့ နိုင်ငံခြားသားတွေဟာ အထောက်အထားတစ်မျိုးတည်းကို သာ ကိုင်ဆောင်ခွင့်ရှိပါတယ်။

ထိုင်းလဝကပေးတဲ့ ဗီဇာ ရက်မလွန်သေးပဲ ထိုင်းနိုင်ငံမှ ပြည်ပကို ထွက်ခွာလိုပါက တုံးကြီးလို လူသိများတဲ့ (Re-entry Permit) ကို ပြုလုပ်ဖို့လိုပြီး Single Entry နှင့် Multiple Entry ဆိုပြီး ပုံစံ ၂ မျိုးရှိပါတယ်။

မဲဆောက်က ရွှေ့ပြောင်းအရေးကူညီသူတစ်ဦးကတော့ မဲဆောက်-မြဝတီ အဝင်အထွက်လုပ်သူတွေ ထိုင်းဥပဒေအရ ညှိစွန်းအောင်မပြုလုပ်ဖို့ တိုက်တွန်းပါတယ်။

ဒီဖြစ်စဥ်တွေအပေါ် ဒေသခံမှတဆင့် မြဝတီလဝက အာဏာပိုင်များကို ဆက်သွယ်ပြီး အသေးစိတ်သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

သတင်း၊ဓါတ်ပုံ – Border Echo

#borderlines #universe #thailand #basic #universe #mojo

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top