ဆရာခို၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈
Presented by Border Echo
နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုများနှင့် ပဋိပက္ခများကြားတွင် ဆင်းရဲနွမ်းပါးမှု၏ အငွေ့အသက်နှင့် မျှော်လင့်ချက် အလင်းရောင် နည်းပါးမှုတို့ကို အခွင့်ကောင်းယူကာ အားနွဲ့သူများ၏ ဘဝများအားပျက်စီးနေ၏။လူကုန်ကူးမှု သည် ခြိမ်းခြောက်ခြင်း၊ အဓမ္မပြုကျင့်ခြင်း သို့မဟုတ် အာဏာကို အလွဲသုံးစားလုပ်ခြင်းဖြင့် လူတစ်ဦးတယောက်အားခေါ်ဆောင်ခြင်း၊ လွှဲပြောင်းပေးပို့ခြင်း သို့မဟုတ် လက်ခံရယူခြင်း ပြုလုပ်ကာ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်များ အစရှိသည့် လုပ်ရပ်များပင်ဖြစ်သည်။
အကြွေးနှင့် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများဟာလည်း ၎င်းတို့၏ အဓိက လက်နက်များ ဖြစ်သည်။မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဟာ အဓိကအားဖြင့် နယ်စပ်ဖြတ်ကျော် ပုံစံများဖြင့်ဖြစ်ပွားလေ့ရှိသည်။ ဆင်းရဲနွမ်းပါးသည့် ကျေးလက်နေ အမျိုးသမီးငယ်များ မိဘမဲ့များနဲ့ အသက်မပြည့်သေးသောလူငယ် များကိုအဓိက ပစ်မှတ်ထား၏။ပြည်ပနိုင်ငံများတွင် ဝင်ငွေကောင်းသော အလုပ်အကိုင် (ဥပမာ- စက်ရုံအလုပ်သမား/အိမ်အကူ) ရရှိမည်ဟု မက်လုံးပေးကာ လိမ်လည်ခေါ်ဆောင်သည်။
အလုပ်ရှင်နှင့် တိုက်ရိုက်တွေ့ဆုံရန် သို့မဟုတ် အလုပ်ကိုသွားပို့ပေးမည်ဟု အကြောင်းပြချက်များဖြင့် နယ်စပ်ဒေသများသို့ ခေါ်ဆောင်ပြီးနောက် အပြောင်းအလဲလုပ်ကာ ရောင်းချခြင်း ဖြစ်သည်။ လွတ်လပ်ခွင့် ပိတ်ပင်ကာနိုင်ငံကူးလက်မှတ် သို့မဟုတ် မှတ်ပုံတင်များကို သိမ်းဆည်းထားခြင်းအကြွေးများမဆပ်နိုင်အောင် ဖိအားပေးခြင်းနှင့် အကြမ်းဖက် နှိပ်စက်ခြင်းတို့ဖြင့် ထိန်းချုပ်ထားသည်။ဆင်းရဲနွမ်းပါးမှုဟာ ၎င်းအတွက် အဓိက လမ်းစဖြစ်နေ၏။
ပိုမိုကောင်းမွန်သော ဝင်ငွေ မိသားစုကို ထောက်ပံ့နိုင်မည့် မျှော်လင့်ချက်များဟာ လူကုန်ကူးသူများ၏ မက်လုံးပေးမှုကို အလွယ်တကူ ယုံကြည်စေသည်။ စီးပွားရေး မတည်ငြိမ်မှုကြောင့် အလုပ်လက်မဲ့နှုန်း မြင့်မားခြင်းဟာလည်း တခြားရွေးချယ်စရာ မရှိသူများအတွက် အန္တရာယ်များသော လမ်းကြောင်းများဆီသို့ တွန်းပို့နေသကဲ့သို့ ဖြစ်နေ၏။စစ်ပဋိပက္ခဒဏ်ခံရသော ဒေသများသည် လူကုန်ကူးမှု အန္တရာယ် အမြင့်ဆုံးနေရာများ ဖြစ်သည်။
စစ်ဘေးရှောင်များ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများသည် ၎င်းတို့၏ ပုံမှန်လူနေမှုဘဝနှင့် လူမှုအကာအကွယ်များကို ဆုံးရှုံးရသဖြင့် မသမာသူတို့၏ လက်ထဲသို့ လွယ်ကူစွာ ကျရောက်သွားကြရ၏။ ထို့အပြင် နယ်မြေဒေသများတွင် တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းကြောင့် ရာဇဝတ်ကွန်ရက်များကို ပိုမိုကြီးထွားလာစေသည်။
လူငယ်များနှင့် အမျိုးသမီးငယ်များသည် အန္တရာယ်ရှိသော အလုပ်အကိုင် ကမ်းလှမ်းမှုများ၊ လူကုန်ကူးမှု ပုံစံများနှင့် ဥပဒေပါ အကာအကွယ်များကို ကောင်းစွာ မသိရှိသောကြောင့် ကာကွယ်နိုင်စွမ်းကို လျော့နည်းစေသည်။ ဒေသန္တရ အဆင့်မှစ၍ ပညာပေးမှုများ အားနည်းခြင်းသည် လူကုန်ကူးမှု သားကောင်များ ပိုမို များပြားလာစေသည်။လူကုန်ကူး ခံရသူများသည် ငွေကြေးအရ ခေါင်းပုံဖြတ်ခံရခြင်းထက် ပိုမိုနက်ရှိုင်းသောစိတ်ပိုင်းဆိုင်ရာ နာကျင်မှုများကို ရင်ဆိုင်ရသည်။
အကြမ်းဖက်ခံရမှု၊ အကျဉ်းချခံရမှု၊ အရှက်ရစေသော လုပ်ရပ်များက ပြင်းထန်သော စိတ်ဒဏ်ရာ ရောဂါ စိတ်ကျရောဂါ စိုးရိမ်ပူပန်မှုများ နှင့် မိမိကိုယ်ကို သတ်သေလိုစိတ်များအထိ ဖြစ်ပေါ်စေသည်။ အချို့သော လွတ်မြောက်လာသူများသည် အခြားလူများနှင့် ထပ်မံဆက်ဆံရေး တည်ဆောက်ရန်၊ သို့မဟုတ် လူမှုအသိုင်းအဝိုင်းထဲသို့ ပြန်လည်ဝင်ဆံ့ရန် ခက်ခဲသော စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသည်။ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ်များအပြင် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ အထူးသဖြင့် HIV / AIDS ရောဂါပိုး ကူးစက်ခံရနိုင်ခြေ မြင့်မားသည်။
ကိုယ်ဝန်မလိုချင်ဘဲ ရရှိလာခြင်းနှင့် ၎င်းနှင့်ဆက်စပ်သော ကျန်းမာရေးပြဿနာများသည် ၎င်းတို့၏ဘဝကို ရေရှည် ထိခိုက်စေသည်။(လူကုန်ကူး ခံရပြီးနောက် ပြန်လည်ရောက်ရှိလာသူများ အများစုတို့ဟာ မိသားစုနှင့် ရပ်ရွာလူထု၏ အထင်အမြင်သေးခြင်း ကဲ့ရဲ့ရှုတ်ချခြင်း သို့မဟုတ် ရှောင်ရှားခြင်းတို့ကို ခံကြလေ့ရှိသည်)။ လူကုန်ကူးမှု အန္တရာယ်ရှိသော ဒေသများတွင် တရားဝင်အလုပ်အကိုင်ရှာဖွေရေး လမ်းကြောင်းများနှင့်လိမ်လည်မှုပုံစံများဖော်ထုတ်ခြင်းနှင့် ပတ်သက်သည့် ပညာပေးအစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန်လိုအပ်သည် ။ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်၌ သံသယဖြစ်ဖွယ် ဆွဲဆောင်စည်းရုံးမှုများကို မြင်တွေ့ပါက နှုတ်ဆိတ်မနေဘဲ သတိပေးခြင်း အကြောင်းကြားခြင်းတို့ဖြင့်လူတိုင်းတွင် တာဝန်ရှိသည်။
မျှော်လင့်ချက်နောက်ကွယ်ကကျွန်စနစ်







