“၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှု အသုံးပြုပြီး အမျိုးသမီး “ ၇၉၂ ” ဦးအား သတ်ဖြတ်ခဲ့သည်” – BWU ထုတ်ပြန်ချက်အား သုံးသပ်ခြင်း

image for text news

Sky၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈
Presented by Border Echo

တရားမဝင် စစ်အုပ်စု၏ အာဏာသိမ်းရန်ကြိုးပမ်းမှုသည် (၅)နှစ် နီးပါးရှိတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ဆင်ရေးများ ပိုမိုတိုးလာခဲ့ပြီး စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေခြင်းကြောင့် အရပ်ဖက် ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များသည် အသက်အန္တရာယ်၊ လုံခြုံရေးမရှိမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြီးအကျယ် ထိခိုက်နာကျင်မှုများ ခံစား နေရသည်။ အရပ်ဘက် နေရာများဖြစ်သော ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေရုံများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် လူ့အသက်များစွာ ဆုံးရှုံးနေရခြင်းသည် နေ့စဥ်နှင့်အမျှ ဖြစ်ပွားနေသော ဖြစ်ရပ်တစ်ခုအဖြစ် ပြောင်းလဲလာနေသည်။

အကြမ်းဖက် စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်တွင် လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုများကို ပိုမိုအသုံးပြုလာခြင်းကြောင့် အရပ်ဘက်ပြည်သူများအတွက် ထွက်ပြေး ခိုလှုံရန် အချိန်မရရှိတော့သည့် အခြေအနေများဖြစ်ပေါ်လာပြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ၏ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အသက်သေဆုံးမှု အချိုးအစားသည် မြင့်မားလာရခြင်းဖြစ်သည်။ အထူးသဖြင့် ကလေးငယ်များသည် စာသင်ကျောင်း၌ စာသင်ကြားနေစဥ် တွင်သာမက မိဘများနှင့်အတူ အိမ်အတွင်း နေထိုင်ရင်း လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးရမှုများ ဖြစ်ပေါ်လျက်ရှိသည်။

၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှု များကြောင့် အမျိုးသမီး (၇၉၂)ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ထိုအချက်အလက်များသည် တိကျခိုင်လုံသော သတင်းမီဒီယာများ၏ သတင်းအချက်အလက်များကို စောင့်ကြည့်မှုများအပြင် မြေပြင်မှ အချက်အလက်ကောက်ယူထားမှုများကို ပြန်လည်စုစည်းတင်ပြထားခြင်း ဖြစ်သည်။ သို့သော် လက်တွေ့ မြေပြင်အခြေအနေတွင် မိမိတို့အနေဖြင့် သတင်းအချက်အလက်များကို လက်လှမ်းမှီနိုင်ရန် အခက်အခဲများစွာ ရှိသဖြင့် ကိန်းဂဏန်းများသည် မြေပြင်၌ ယခုထက်ပို၍ များနိုင်ပါသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ အနေဖြင့် သတင်းမီဒီယာများမှ အချက်အလက် စောင့်ကြည့် လေ့လာ မှတ်တမ်းတင်ထားမှုများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁)ရက်နေ့မှ ဒီဇင်ဘာ (၃၁)ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း အမျိုးသမီး (၇၉၂)ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ထိုသို့ အသက်ဆုံးရှုံးခဲ့ရသည့် အကြောင်းအရင်းများမှာ အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် (၆၂၁)ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် (၁၀၂)ဦး၊ မတရား သတ်ဖြတ်ခံရမှုကြောင့် (၃၉)ဦး၊ မြေမြှုပ်မိုင်းကြောင့် (၁၃)ဦး၊ မီးရှို့သက်ဖြတ်ခံရမှုကြောင့် (၆)ဦး၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် (၅)ဦး၊ ထောင်တွင်း ဆေးဝါးကုသခွင့် မရရှိမှုကြောင့် (၃)ဦးနှင့် ကျည်ထိမှန်မှုကြောင့် (၃)ဦး တို့ဖြစ်သည်။ ထိုထဲတွင် အသက်(၁၈)နှစ်အောက် အမျိုးသမီးငယ်များ အသက်သေဆုံးရမှု အရေအတွက်မှာ (၁၅၄)ဦး ဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ သေဆုံးမှု အရေအတွက်မှာ (၅)ဦး ပါဝင်ပါသည်။ ၂၀၂၅ ခုနှစ်အတွင်း အမျိုးသမီး သေဆုံးမှု အများဆုံး ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်အား အကြမ်းဖက်စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဥ် ဖြစ်သည်။ ထိုဖြစ်စဥ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ ထဲတွင် အမျိုးသမီး (၂၁)ဦး ပါဝင်ပါသည်။

အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် ၂၀၂၅ ခုနှစ် နိုင်ငံ တစ်ဝှမ်း အမျိုးသမီး (၈၁၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုသို့ ထိခိုက်ဒဏ်ရာ ရရှိစေသည့် အကြောင်းအရင်းများမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် (၅၇၆)ဦး၊ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်ခံရမှုကြောင့် (၁၆၄)ဦး၊ မြေမြှုပ်မိုင်းကြောင့် (၄၁)ဦး၊ ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင် ရာအကြမ်းဖက်ခံရမှုကြောင့် (၂၆)ဦး၊ ညှင်းပန်း နှိပ်စက်ခံရမှုကြောင့် (၅)ဦး၊ ကျည်ထိမှန်မှုကြောင့် (၂)ဦးနှင့် မတရားသတ်ဖြတ်ခံရမှုကြောင့် (၁)ဦး တို့ဖြစ်သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အချက်အလက် ကောက်ယူ မှတ်တမ်းတင်မှုများအရ ၂၀၂၅ ခုနှစ်တွင် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး ဦးရေသည် စစ်ကိုင်းတိုင်းမှ (၂၁၇)ဦး၊ မန္တလေးတိုင်းမှ (၁၂၃)ဦး၊ ရခိုင် ပြည်နယ်မှ (၁၁၉)ဦး၊ ရှမ်းပြည်နယ်မှ (၈၁)ဦး၊ မကွေးတိုင်းမှ (၆၉)ဦး တို့ဖြစ်ကြပြီး စစ်ကိုင်းတိုင်းသည် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း အမျိုးသမီး သေဆုံးမှု အများဆုံး တိုင်းဖြစ်သည်။

အမျိုးသမီးများသည် ပဋိပက္ခနှင့် ဆက်နွယ်သော အကြမ်းဖက်မှုများကြောင့် အသက်အန္တရာယ် ထိခိုက်ရုံသာမက လူ့ဂုဏ်သိက္ခာနှင့် လုံခြုံရေးကိုပါ ချိုးဖောက်ခံနေရသည်။ မိသားစုဝင်များကို ဆုံးရှုံးရပြီး မိခင်တစ်ဦးအဖြစ် သားသမီးများကို ကာကွယ်ရင်း စစ်ပွဲအန္တရာယ်အောက်တွင် ဘဝကို ဆက်လက်ရင်ဆိုင်နေရလျက်ရှိသည်။ ထို့အပြင် အကြမ်းဖက် စစ်အုပ်စု၏ စစ်ရေးတိုက်ခိုက်မှု များကြောင့် လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အစားအသောက်၊ သန့်ရှင်းရေး ကျန်းမာရေး ဝန်ဆောင်မှုများ မလုံလောက်သည့် အခြေအနေများကို ကြုံတွေ့လျက်ရှိသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များသည် အရေးပေါ် လူသားချင်း စာနာမှု အကူအညီများကို အပြည့်အဝ မရရှိနိုင်ဘဲ ရောဂါကူးစက်မှုများနှင့် အာဟာရချို့တဲ့မှုများကို ခံစားနေရသည်။

အပြစ်မဲ့ အရပ်သားပြည်သူများကို အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်မှ တိုက်ခိုက်မှုများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာရေး ဥပဒေနှင့် လူ့အခွင့်အရေးဥပဒေများကို လိုက်နာမှုမရှိခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမဆန်သော လုပ်ရပ်များအဖြစ် သတ်မှတ် နိုင်သည်။ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ သေဆုံးမှုများကို ရပ်တန့်စေရန် စစ်ရေး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် အရေးပေါ်လိုအပ်သည်။ ထို့အပြင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို တရားမျှတစွာ အရေးယူနိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ခိုင်မာသော လုပ်ဆောင်မှုများ လိုအပ်နေသည်။ အကြမ်းဖက် စစ်အုပ်စုသည် ပြစ်ဒဏ်မှ အလုံးစုံ ကင်းလွတ်ခွင့်ရနေသည်ကို အဆုံးသတ်နိုင်ရန်နှင့် ရှင်သန်လွတ်မြောက်လာသူများ အတွက် တရားမျှတမှုနှင့် ကုစားမှုများ အာမခံချက်ပေးခြင်းဖြင့် ဆိုးရွားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမြန်ဆုံးရပ်တန့်ရန် မြန်မာ့အမျိုးသမီးသမဂ္ဂမှ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တောင်းဆိုတိုက်တွန်းပါသည်။ မြန်မာပြည်သူများအတွက် အားကောင်းပြီး တိကျ သေချာသော အကူအညီနှင့် လက်တွေ့လုပ်ဆောင်ချက်များကို အရေးတကြီးလိုအပ်လျက်ရှိသည်။

အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချပြီး ရာဇဝတ်မှု ကျူးလွန်သော ၎င်းတို့အား တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရန်နှင့် အကြမ်းဖက် စစ်အုပ်စုထံသို့ ငွေကြေးစီးဆင်းမှုများကို ဖြစ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှု၊ ထောက်ပံ့ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှန်သမျှအား ချက်ချင်း ရုတ်သိမ်း ရပ်ဆိုင်းရန် လိုအပ်ပါသည်။ အကြမ်းဖက် စစ်အုပ်စုထံ လက်နက်ခဲယမ်းများနှင့် လေယာဥ်ဆီများ မရောက်ရှိစေရန် တိကျစွာ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုများ ပြဌာန်းကျင့်သုံးပြီး အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် ရက်စက်ကြမ်းကြုတ်မှုမှန်သမျှ ရပ်တန့်ရန် ဖိအားပေး လုပ်ဆောင်ရန် အထူး လိုအပ်ပါသည်။ ပြစ်ဒဏ်မှ အလုံးစုံကင်းလွတ်နေမှုကို အဆုံးသတ်နိုင်ရန်အတွက် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများဖြင့် ပြစ်မှုကျူးလွန်သူ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်များကို အာဂျင်တီးနား၏ ဖမ်းဝရမ်းထုတ်ပြန်မှုအား အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများမှ ပံ့ပိုးကူညီ၍ ပူးပေါင်း လုပ်ဆောင်ရန် လိုအပ်ပါသည်။

တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ကြားကာလအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ LGBTQIA+ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဒေသတွင်းနိုင်ငံနှင့် နိုင်ငံတကာပလက်ဖောင်းမှ တစ်ဆင့် စည်းရုံးရေးများ လုပ်ဆောင်ရန် လိုအပ်ပါသည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များအပြင် အပြစ်မဲ့ပြည်သူတစ်ရပ်လုံး၏ ဘဝ၊ လုံခြုံရေးနှင့် အနာဂါတ်တစ်ခုလုံးကို ကာကွယ်နိုင်ရေးအတွက်သာမက ထိခိုက်နာကျင်၊ အသက်ဆုံးရှုံးခဲ့ရသော အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုပေါ်ပေါက်လာစေရန်၊ အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက် သော စစ်ရေး လုပ်ဆောင်မှုများကို ချက်ချင်းရပ်တန့်စေရန်၊ ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက် မှုများ အတွက် တာဝန်ရှိသူများကို တရားမျှတစွာ တာဝန်ခံစေရန်နှင့် လူသားချင်းစာနာမှု အကူအညီများ ကို အတားအဆီးမရှိ ပေးပို့နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ၏ အရေးတယူနှင့် ခိုင်မာသောလုပ်ဆောင်မှုများ အရေးပေါ်လိုအပ်လျက်ရှိပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top