ဆရာခို၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁
Presented by Border Echo
၂၀၂၅ ခုနှစ်သည် မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာတွင် အမှောင်မိုက်ဆုံးသော အချိန်ကာလတစ်ခုအဖြစ် သက်သေထူနေသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခ တိုက်ပွဲနယ်မြေများအပြင် အရပ်သားများ၏ အိပ်ခန်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများအထိ ကျူးကျော်ဝင်ရောက်လာကာလူထုတစ်ရပ်လုံးကို ပစ်မှတ်ထားသည့် ” အရပ်သားများအပေါ် ပြုလုပ်သည့် ရာဇဝတ်မှု” တစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။
မြန်မာအမျိုးသမီးသမဂ္ဂ (BWU) ၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာသည် ကြေကွဲဖွယ်ရာ လူသားဖြစ်ရပ်များကို အထင်အရှား ဖော်ပြနေ၏။ ထိုအစီရင်ခံစာအရ အမျိုးသမီးပေါင်း ၇၉၂ ဦး နှင့် ကလေးငယ် ၁၅၄ ဦး တို့၏ အသက်သည် စစ်မီးတောက်များကြားတွင် မီးခိုးငွေ့များနှင့်အတူ လောင်ကျွမ်းပျောက်ကွယ်သွားခဲ့ရကြောင်းဖော်ပြထားသည်။
ယခင်က မြန်မာနိုင်ငံတွင် စစ်ပွဲဆိုသည်မှာ မြေပြင်တိုက်ပွဲများကိုသာ ဆိုလိုခဲ့သော်လည်း၂၀၂၅ ခုနှစ်တွင်မူ လေကြောင်းတိုက်ခိုက်မှုသည် အမျိုးသမီးနှင့် ကလေးငယ်များကို သတ်ဖြတ်နေသည့် အဓိကလက်နက် ဖြစ်လာခဲ့သည်။ သေဆုံးသူ ၇၉၂ ဦးအနက် ၆၂၁ ဦး ၇၈%/ထိသည် လေကြောင်းမှ ဗုံးကြဲခံရခြင်းကြောင့် ဖြစ်သည်။ ဤအချက်က ယခုစစ်ပွဲသည် သာမန်တိုက်ပွဲများအတွင်း မတော်တဆ ထိခိုက်ခြင်းမဟုတ်ဘဲအရပ်သားများ နေထိုင်ရာ ဒေသများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သက်သေပြနေသည်။ အိပ်ပျော်နေသည့်အချိန် မိမိကလေးကို နို့တိုက်နေစဉ်အချိန်မှာပင် ကောင်းကင်မှ ကျရောက်လာသော ဗုံးဒဏ်ကြောင့် ဘဝပေါင်းများစွာ တစစီ ပြိုကွဲခဲ့ရသည်။
အဆိုးဝါးဆုံးမှာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၁၅၄ ဦး၏ ကြွေလွင့်မှုပင် ဖြစ်သည်။ စာသင်ခန်းထဲတွင် ရှိနေရမည့် ထိုကလေးငယ်များသည် ဗုံးခိုကျင်းများထဲတွင် စစ်ဘေးရှောင်ရင်း တောတောင်များထဲတွင် သာမက ကျောင်းစာသင်ခန်းထဲ၌ပင်အသက်ပျောက်ခဲ့ရသည်။လူ့လောကထဲသို့ ခြေချရန် ပြင်ဆင်နေသည့် ကလေးငယ် ၅ ဦးမှာလည်း ၎င်းတို့၏ မိခင်များနှင့်အတူ ဝမ်းဗိုက်အတွင်းမှာပင် အသက်ဆုံးရှုံးခဲ့ရ၏။ထိုပဋိပက္ခသည် စစ်ဟု ခေါ်ဖို့တောင် မထိုက်တော့ပဲ မိခင်နဲ့ ကလေးကိုပါ မချန် မျိုးဆက်တစ်ခုလုံးကို ရက်စက်စွာ သတ်ဖြတ်နေခြင်းပင် ဖြစ်နေ၏။
ထို့အပြင်မရပ်တန့်သေးပဲ ဒေသအလိုက် စစ်ကိုင်းတိုင်းသည် အမျိုးသမီး ၂၁၇ ဦး သေဆုံးမှုဖြင့် အထိနာဆုံး ဒေသဖြစ်ခဲ့သလို၊ ရခိုင်ပြည်နယ် (၁၁၉ ဦး) နှင့် မန္တလေးတိုင်း (၁၂၃ ဦး) တို့သည်လည်း စစ်မီးလောင်ရာ အချက်အချာများ ဖြစ်လာခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးများနဲ့ မြေမြှုပ်မိုင်းကြောင့် နေ့စဉ်ဘဝအတွက် တောတောင်ထဲ ထင်းခွေရေခပ်သွားသည့် သူတို့အဖို့ ခြေလှမ်းတိုင်းသည် သေမင်းနှင့် ရင်ဆိုင်နေရသည့် အခြေအနေ ဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးကာ လမ်းပိတ်ဆို့ထားခြင်းနှင့်ဆေးရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းတို့ကြောင့် ကယ်တင်နိုင်သည့် အသက်များဖြစ်ပါသော်လည်း ကြွေလွင့်ခဲ့ရသည်။ အမျိုးသမီး ၃၉ ဦးမှာ မတရားသတ်ဖြတ်ခံခဲ့ရပြီး ၅ ဦးမှာ ဖမ်းဆီးညှဉ်းပန်းခံရကာ သေဆုံးခဲ့သည်။ ထို့အပြင် ဆေးကုသခွင့် မရရှိခြင်းကြောင့် သေဆုံးရသူ ၃ ဦးရှိနေခြင်းက ကျန်းမာရေးစနစ် ထိခိုက်ပြိုလဲမှု၏ သားကောင်ဖြစ်ခဲ့ရခြင်းကို ပြသနေသည်။
မြန်မာအမျိုးသမီးသမဂ္ဂ၏ တိုက်တွန်းချက်သည် ရှင်းလင်းပြတ်သားနေ၏။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် “ဝမ်းနည်းပါတယ်” ဆိုသော စကားထပ် ပိုမိုထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။ အကာအကွယ်မဲ့နေသော အမျိုးသမီးများနှင့် ကလေးငယ်များအတွက် နယ်စပ်ဖြတ်ကျော် အကူအညီများကို တိုက်ရိုက်ပေးပို့နိုင်ရန်မှာလည်း အရေးတကြီး လိုအပ်နေပါသည်။
ယခုစစ်ပွဲသည် သာမန်တိုက်ပွဲများအတွင်း မတော်တဆ ထိခိုက်ခြင်းမဟုတ်ဘဲ အရပ်သားများ နေထိုင်ရာ ဒေသများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သက်သေပြနေကာ ကျွန်တော်တို့အတွက် သတိပေးခေါင်းလောင်းသံများ ဖြစ်သည်။ ကျွန်တော်အချက်အလက်နဲ့ဖော်ပြခဲ့သော ဖြစ်ရပ်များမှာ ပြိုကွဲသွားသော မိသားစုများ၏ နာကျင်ဖွယ်ရာ လူသားသမိုင်းကြောင်းများ ဖြစ်သည်။ အကယ်၍ ထိရောက်သော ကာကွယ်မှုများ မရှိခဲ့ပါက မြန်မာအမျိုးသမီးတို့၏ သွေးချောင်းဆက်လျက် စီးဆင်းနေဦးမည် ဖြစ်သည်။







