ထိုင်းကျေးရွာရှိ စေတနာ့ဝန်ထမ်းတွေနဲ့ အကောင်အထည်ဖော်တဲ့ နယ်စပ်ဒေသ လူသားချင်းစာနာမှုအစီအစဥ် အလုပ်ရုံဆွေးနွေး တစ်ရပ်ကို ထိုင်းကြက်ခြေနီအသင်းက မဲဆောက်မှာ ကျင်းပ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အတွင်း လူသားချင်းစာနာထောက်ထားမှုအစီအစဥ်ကို ထိရောက်စွာဆောင်ရွက်နိုင်ဖို့ ထိုင်းကျေးရွာအခြေပြု စေတနာ့ဝန်ထမ်းတွေကိုမွေးထုတ်ပေးတဲ့ သင်တန်းတစ်ရပ်ကို ထိုင်းကြက်ခြေနီအသင်းက သင်တန်းတစ်ရပ် ယမန်နေ့က မဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
ယင်းအစီအစဥ်အတွင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းအပြင် သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ပါဝင်တယ်လို့ လို့ Border Echo မှ စုံစမ်းသိရှိရပါတယ်။
ဆွေးနွေးပွဲကို ထိုင်းကြက်ခြေနီအသင်းရဲ့ ဦးဆောင်မှုနဲ့အတူ ၄ ကြိမ်တိုင် ကျင်းပတဲ့ မိတ်ဖက်အဖွဲ့တွေဖြစ်တဲ့ The Asia Foundation နဲ့ Suwannimit Foundation တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြတာပါ။
ကျေးရွာစေတနာ့ဝန်ထမ်းသင်တန်းတွေကို တာ့ခ်ခရိုင်အတွင်း ၂ ကြိိမ်၊ မယ့်ဟောင်ဆောင်မှာ ၂ ကြိမ်အထိ ကျင်းပထားပြီး အဓိကဆောင်ရွက်တယ်လို့ The Asia Foundation တာဝန်ရှိသူက Border Echo ကို အခုလိုပြောပါတယ်။
“ဒီလိုသင်တန်းမျိုးက ဒါက စတုတ္ထအကြိမ်မြောက်ပေါ့။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်က မဲဆောက်မှာ အရင်က ၁ ကြိမ် လုပ်ခဲ့ပြီးပြီ။ မယ့်ဟောင်ဆောင် နယ်စပ်မှာ ၂ ကြိမ်လောက်လုပ်ခဲ့ပြီးပြီ။ ဆွပ်မွေ (Sob Moei)၊ မဲ့ဆရင်း (Mae Sariang) နဲ့ ပရာမာဖတွေမှာ လုပ်ခဲ့ပြီးပြီး။ အခု ၁ ကြိမ်နဲ့ဆို ၄ ကြိမ်မြောက်ဖြစ်တာပေါ့” ဟုဆိုပါတယ်။
မြန်မာနယ်စပ်တလျှောက် လူသားချင်းစာနာလုပ်ငန်းတွေမှာ ကြုံတွေ့ရတဲ့ အခြေအနေကို မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ ရချ်မနူတပ်ဖွဲ့၊ ဖုဖရကျေးရွာလူကြီး၊ စေတနာ့ဝန်ထမ်းနဲ့ တို့ပါဝင်တဲ့ စကားဝိုင်းဆွေးနွေးပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။
ဒါ့အပြင် သင်တန်းမှာ ထိုင်းကြက်ခြေနီရဲ့ ကူညီရေးနည်းနာတွေ၊ ထိုင်းစစ်တပ်နဲ့ ဌာနဆိုင်ရာများရဲ့ လူသားချင်းစာနာထောက်ထားမှုအစီအစဥ်၊ ထိုင်းပြည်သူ့ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအပြင် သတင်းအချက်အလက်များ အချိန်မီစီးဆင်းဖို့ အကြောင်းကြားနိုင်တဲ့ ဆော့ဖ်ဝဲလ် (အက်ပလီကေးရှင်း) ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။
ထိုင်းကြက်ခြေနီအသင်းက ကျေးရွာအခြေပြုဆောင်ရွက်တဲ့ နယ်စပ်ဒေသ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို ကရင်နဲ့ ကရင်နီနယ်စပ်က မယ်ဟောင်ဆောင်ခရိုင်နဲ့ တာ့ခ်ခရိုင် ထိုင်းကျေးရွာတွေမှာ စေတနာ့ဝန်ထမ်း ၁၁၄ ဦးစီနဲ့ အကောင်အထည်ဖော်နေပါတယ်။
မယ့်ဟောင်ဆောင်ခရိုင်ဒေသန္တရအတွင်း မယ့်ဆရင်း၊ ဆွပ်မွေ၊ ခွန်ယွမ်၊ မယ့်ဟောင်ဆောင်၊ ပါမဖာ၊ ပိုင် တို့ဖြစ်ပြီး မဲဆောက်မြို့တည်ရှိတဲ့ တာ့ခ်ဒေသမှာတော့ မဲဆောက်၊ မယ့်ရမတ်၊ ထဆောင်ယန်း၊ ဖုဖရနဲ့ အုန်းဖန်ဒေသတို့ ပါဝင်ပါတယ်။